ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကို DKBA ဗိုလ်ဘိ ဦးစီးသည့်အဖွဲ့က အကူအညီပေးနေသည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။
ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းတစ်လျှောက်ရှိ စစ်ကောင်စီစခန်းများကို ဧပြီလဆန်းပိုင်းကစပြီး တော်လှန်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ရာ ဆက်တိုက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လမ်းပိုင်းရှိ ၇၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ခဲ့သည်။
လက်ရှိတွင် ကျုံဒိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် တော်လှန်ရေးပူးပေါင်းတပ်တို့က ဝန်းရံပိတ်ဆို့ထား သော်လည်း နယ်မြေခံအဖွဲ့ဖြစ်သည့် ဗိုလ်ဘိ ဦးစီး DKBA အဖွဲ့က စစ်ကောင်စီတပ်ကို ဝင်ကူးတိုက်ခိုက်ပေးနေသည့် အတွက် ရည်မှန်းထားသည့်ခရီး မရောက်ခဲ့ဟု ကော့ကရိတ် စစ်မြေပြင်ရောက် တော်လှန်ရေးသတင်း အရင်းအမြစ်တို့က ပြောသည်။

“လက်ရှိ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းကို ကျနော်တို့က ၇၀ ရာခိုင်နှုန်းကျော်ကျော်ကို ထိန်းချုပ်နိုင်ခဲ့ပြီ။ ဒါပေမဲ့ တစ်ချို့နေရာတွေက စစ်ကောင်စီဘက်က ကင်းပုန်းတွေတော့ နည်းနည်းကျန်ရှိနေသေးတယ်။ ကျုံဒိုးမြို့ကို အချိန်အနည်းငယ်နဲ့ သိမ်းပိုက်နိုင်ခြေ ရှိပေမဲ့ နယ်မြေခံလက်နက်ကိုင်အဖွဲ့တွေကြောင့် ခရီးမရောက်ခဲ့သေးဘူး။ ကော့ကရိတ်ဒေသမှာ အခြေစိုက်နေတဲ့ DKBA အဖွဲ့က စစ်ကောင်စီဘက် ကနေ ဝင်ကူးပေးနေတယ်။ အဲဒါကြောင့် ကျနော်တို့ ခရီးမရောက်ခဲ့တာ။ DKBA က အင်အားရာချီနဲ့ ဝင်တိုက်ပေးနေတယ်လို့ သိထားတယ်” ဟု တော်လှန်ရေးသတင်းအမြစ်တစ်ဦးက ပြောသည်။
ကျုံဒိုးမြို့သိမ်းပိုက်တိုက်ခိုက်ခံရမည်ကို ကြောက်လန့်နေသည့် စစ်ကောင်စီက ကျုံဒိုးမြို့အခြေစိုက် ခမရ-၅၄၅၊ ခမရ ၅၄၆ တပ်ရင်းရှိ စစ်ကောင်စီတပ်သားတို့က ဗိုလ်ဘိ ဦးစီးသည့် DKBA အဖွဲ့နှင့် ပူးပေါင်းပြီး ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းနှင့် အနီးအနားရှိ ကျေးရွာများကို ပြန်လည်ထိန်းချုပ်နိုင်ရန် အင်အားရာချီရှိသည့် စစ်ကြောင်းနှစ်ကြောင်း ခွဲကာ မေလဆန်းကစပြီး စတင်ထွက်ခွာလာခဲ့ကြသည်။
အဆိုပါစစ်ကြောင်းများကို တော်လှန်ရေးပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခြင်း၊ ပိတ်ဆို့တိုက်ခိုက်ခြင်းကြောင်း အထိနာခဲ့ပြီး ကျုံဒိုးမြို့ရှိ မိမိတပ်ရင်းများကို ပြန်လှည့်သွားခဲ့ကာ လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်နေသည်ဟု ဆိုသည်။
“ဒီရက်ပိုင်းအတွင်းမှာပဲ ကျုံဒိုးမြို့မှာ ရှိတဲ့ ၅၄၅၊ ၅၄၆ ကနေ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ကျနော်တို့ဘက်ကို ထိုးလာတယ်။ ကျနော်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်။ ပိတ်ဆို့တိုက်ခိုက် ခဲ့တယ်။ အသေအပျောက်များသွားတော့ သူတို့နောက်ပြန်ဆုတ်သွားတယ်။ ၅၄၅၊ ၅၄၆ ကို ပြန်ရောက်တော့ လက်နက်ကြီးနဲ့ အခုထိ လှမ်းပစ်နေတယ်” ဟု အထက်ပါ တော်လှန်ရေး သတင်းအရင်းအမြစ်က ပြောသည်။
လက်ရှိ ကျုံဒိုးအနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ဖြစ်ပွားနေဆဲဟု ကျုံဒိုးမြို့အနီးရှိ နွားခြံကုန်ရွာခံတစ်ဦးက ပြောသည်။


“ကျုံဒိုးအနီးတစ်ဝိုက်က ဟိုတိုက်ပွဲမဖြစ်ခင်ကတည်းက BGF ဂိတ်တွေ ရှိနေတယ်။ တိုက်ပွဲစဖြစ်တဲ့ နေ့ကလည်း အဲဘက်တွေက ထိတွေ့မှု အစောဆုံး စဖြစ်တယ်။ လေယာဉ်သံတိတ်နေတာ နှစ်ရက်လောက်ရှိပြီ။ ဒါပေမဲ့ ၅၄၅၊ ၅၄၆ ဘက်မှာ တိုက်ပွဲဖြစ်ပွားနေတာမျိုးတော့ ရှိတုန်းပဲ။ လက်နက်ကြီး ပစ်ခတ်သံတွေ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲသံတွေတော့ ကြားနေရတယ်။ ရွာတွေမှာ ရွာစောင့်အနေနဲ့ လူနည်းနည်းပဲ ကျန်နေတယ်” ဟု နွားခြံကုန်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
ကျုံဒိုးတိုက်ပွဲကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ မွန်တော်လှန်ရေးအဖွဲ့များဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP-AD) ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ဖော်ဆောင်နေကြောင်း သိရသည်။