အရေးယူဖမ်းဆီးခြင်းမရှိဘဲ သုံးစွဲမှုမြင့်တက်လာသည့် မူးယစ်ဆေးဝါးပြ ဿနာကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ခိုးဆိုးလုယက်မှု အဆိုးဆုံးအခြေအနေရင်ဆိုင်လာရကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

မူးယစ်ဆေးဝါး တရားဝင်သုံးစွဲခွင့် ရရှိထားသလိုဖြစ်နေပြီး ခိုးမှု၊ လုယက်မှု၊ ဓားပြမှုများကို အဖွဲ့လိုက်လုပ်ဆောင်နေသဖြင့် လုံခြုံမှုမရှိသည့်အပြင် ဒေသခံတို့အတွက် စားဝတ်နေရေးကိစ္စနစ်နာဆုံးရှုံးမှု များလာကြောင်း သိရသည်။
ဒေသထွက် သီးနှံ ရောင်းဝယ်မှု အဓိက လုပ်ဆောင်နေသည့် ရေးမြို့နယ်တွင် သိုလှောင်ထားသည့် သီးနှံများ ပိသာရာနှင့်ချီ ပျောက်ဆုံးမှု ပြီးခဲ့သည့် မတ်လ ဒုတိယအပတ်အတွင်းဖြစ်ပွားခဲ့ပြီး ဥယျာဉ်ခြံထွက်သီးနှံတို့ကိုလည်း ခူးဆွတ်ရန် မကျန်သည်အထိ ပျောက်ဆုံးမှု ဖြစ်ပွားနေကြောင်း ဆိုသည်။
“ခိုးမှုတွေ ပိုများလာတယ်၊ အိမ်ရဲ့ လှောင်တဲ့နေရာမှာ ထားထားတဲ့ ကွမ်းသီးတစ်ကားလောက်နဲ့ ရော်ဘာ ၃၀၀ ဝန်းကျင်အလေးချိန်လောက် သူတို့ခိုးသွားတယ်။ ဖမ်းမိလည်း မထူးဘူး။ ဘယ်သူမှ အရေးမယူဘူး။ မိတဲ့လူအများစုက ဆေးသုံးနေတဲ့သူတွေပဲ” ဟု ရေးမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောသည်။
ခိုးဆိုးလုယက်သူတို့သည် လူငယ်နှင့် လူလတ်ပိုင်းအရွယ်များဖြစ်ပြီး နေ့ခင်းပိုင်းတွင် ခြံဘက်နှင့် ညဘက်လျှင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိနေအိမ်သို့ အဖွဲ့လိုက်သွားလာလှုပ်ရှားနေသည်ဟု ထိုသူက ဆက်ဆိုသည်။
ဒေသခံတို့ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် အရေးယူခံသည့် ခိုးဆိုးလုယက်သူတို့ကို ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီအဖွဲ့တို့က မိဘအုပ်ထိန်းသူတို့ထံ တစ်ဦးလျှင် ငွေကျပ် ၂၀ သိန်း မှ ၃၅ သိန်း ဝန်းကျင်အထိသတ်မှတ်ကာ ပြန်လွှတ်ပေးနေပြီး မပေးနိုင်သူတို့ကို ၎င်းတို့စစ်ရေးအတွက် လိုအပ်သည့်နေရာတွင် ပို့ဆောင်လျှက်ရှိသည်။
“ တနေ့ကဆို အများကြီး ဖမ်းသွားတယ်၊ မူးယစ်ဆေးအလုံး ၆၀၀ သူတို့ဖမ်းမိတယ်၊ရောင်းတဲ့ သူရော ဝယ်တဲ့သူရော၊ ဒီနေ့ သူတို့ ပိုက်ဆံယူပြီး ပြန်လွတ်တယ်။ သူတို့က ပိုက်ဆံရှာချင်းလို့ ဖမ်းတယ်လို့၊ မြင်တယ်၊ သူတို့တကယ်အရေးယူချင်တာမဟုတ်၊ ဒီလိုမျိုး သူတို့ဖမ်းတာ အရင်လကလည်း ကြားဖူးတယ်” ဟု ဒူယာဒေသခံတစ်ဦးက ပြောသည်။
WY ဆေးပြားအပါအဝင် မူးယစ်ဆေးဝါးမျိုးစုံ ရောင်းချနေသူတို့ကို ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့မှ လုံခြုံရေးရယူထားသည့်ပုံစံဖြစ်နေပြီး ဖမ်းဆီးအရေးယူမှု မလုပ်ဆောင်နိုင်ကြောင်းလည်း ဆိုသည်။
ထို့ကြောင့် လက်ရှိ ရေးဒေသတွင်း စာသင်ကျောင်းအထိ မူးယစ်ဆေးဝါ ပြန့်နှံ့ရောက်ရှိနေပြီး ကျောင်းနေရွယ်လူငယ်တို့ကြား သုံးစွဲမှု မြင့်တက်လာနေကြောင်း သိရသည်။
“ခြံငုံပြီးပြောရမယ်ဆိုရင် ဘိန်းရွက်တို့ မူးယစ်ဆေးဝါးတွေကဧည့်သည်တွေဧည့်ခံတဲ့နေရာမှာ စားသောက်ဖွယ်ရာတစ်ခုအနေနနဲ့ ဖြစ်လာနေပြီး။ မင်္ဂလာပွဲတို့ အရှင်ပြုပွဲတွေမှာ အဲတာတွေမရှိရင် သွားလာတဲ့လူမရှိတော့ဘူး။ အကယ်လို့ လွတ်လွတ်လပ်လပ်သောက်လို့ရတဲ့ နယ်တွေဆို အရက်ဝိုင်းလိုပဲပြောင်သောက်ကြတယ် ” ဟု မွန်လူငယ်တစ်ဦးက ဆိုသည်။
လက်ရှိမွန် ဒေသခံများအသုံးစွဲများသည့် ဘိန်းရွက်တစ်ကီလိုကိုနှစ်သောင်းခွဲနှုန်းကျပ်သာပေါက်ဈေးရှိပြီး WYမူးယစ်ဆေးတစ်လုံးသည်လည်း သုံးထောင်ကျပ်ပေါက်ဈေးရှိနေသည်။
မူးယစ်ဆေးဝါးသုံးပြီး ခိုးဆိုးလုယက်နေသူတို့ကို ရေးမြို့တွင်းနှင့် မြို့အဝင်အထွက်နေရာတို့တွင် စစ်ဆေးတင်းကြပ်ထားပြီး စီစီတီဝီ ကင်မရာများတပ်ဆင်ထားသော်လည်း ဖမ်းဆီးမှုမလုပ်ဆောင်နေကြောင်း ဒေသခံတို့ဆိုသည်။