Homeသတင်းဘီးလင်းမြို့နယ် မင်းစောရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျောင်းဆောင်နှင့် နေအိမ် ထိခိုက်ပျက်စီး

ဘီးလင်းမြို့နယ် မင်းစောရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျောင်းဆောင်နှင့် နေအိမ် ထိခိုက်ပျက်စီး

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာအုပ်စု၊ မင်းစော(ဃောဖိုးပလယ်)ကျေးရွာကို စစ်ကောင်စီက ဇူလိုင်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ယမန်နေ့ နေ့လည် ၁၁ နာရီ ၂ မိနစ်ခန့်တွင် တစ်ကြိမ်၊ ၁၁ နာရီ ၇ မိနစ်ခန့်တွင် တစ်ကြိမ် မင်းစောကျေးရွာထဲကို ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက် ကြဲချခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်စောကျေးရွာ စာသင်ကျောင်းထဲ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အသစ်ဆောက်လုပ်ထားသည့် စာသင်ကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးသွားသည်ဟု ဆိုသည်။

၎င်းပြင် အရပ်သားပြည်သူ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားသလို ကြက် ၃ ကောင်လည်း ဗုံးသီးကျည်စထိမှန် သေဆုံးခဲ့သည်။

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့ကလည်း မင်းစောကျေးရွာ စာသင်ကျောင်းကို ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့သေးသည်။

အလားတူ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ကလည်း မင်းစောကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီးများဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

စစ်ကောင်စီသည် သထုံခရိုင်အတွင်းရှိ ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်အတွင်းရှိ ကျေးရွာများရှိ လူနေအိမ်များ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများကို ပေါင် ၅၀၀ ဗုံးသီးများဖြင့် လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကို ဆက်တိုက်ပြုလုပ်နေသည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးခြင်း၊ လူနေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုလည်း အများအပြားရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts