Homeသတင်းနောင်ချိုမြို့ လေကြောင်းတိုက်ခိုက်ခံရမှု သံဃာတော်အပါ ၉ ဦးသေဆုံးပြီး၊ ၁၇ ဦး ဒဏ်ရာရ

နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်ခံရမှု သံဃာတော်အပါ ၉ ဦးသေဆုံးပြီး၊ ၁၇ ဦး ဒဏ်ရာရ

-

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်သည်။

ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၄ လုံး အသုံးပြုကာ တိုက်ခိုက်ခဲ့သည့်အပြင် စစ်သေနတ်ဖြင့်လည်း ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ရဟန်း ၂ ပါး၊ သာမဏေ ၄ ပါးနှင့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၉ သေဆုံးပြီး၊ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “နောင်ချိုမှာဆိုရင် မနေ့က ဗုံးကြဲတာဆိုရင် သာသနာ့အဆောက်အအုံဖြစ်တယ်။ နောက်ဆေးရုံတွေ၊ စာသင်ကျောင်းတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာတွေ ဖြစ်ပါတယ်။ မနေ့က တိုက်ခိုက်မှုမှာတော့ ၉ ဦးသေဆုံးပြီး၊ ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုတော့ ကျွန်မတို့ ဆေးကုသမှုတွေ ဆက်လုပ်ပေးနေပါတယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၁၇ ဦးအနက် သက်ကြီးရွယ်အိုအချို့ ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်းလည်း TNLA ဘက်က ဆိုသည်။

နောင်ချိုမြို့ကို TNLA က သိမ်းပိုက်ထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

TNLA ဘက်ကတော့ နောင်ချိုမြို့ရှိ ဒေသခံပြည်သူများ လေကြောင်းသတိပြုကြရန် သတိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်၊ တောင်းခမ်းဒေသတွင် စစ်ကောင်စီဘက်မှ ထိုးစစ်များရှိနေပြီး နောင်ချိုကိုပြန်လည်သိမ်းပိုက်နိုင်ရန်ကြိုးစားနေခြင်းဟု စစ်ရေးသုတေသီများက သုံးသပ်ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts