မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဖမ်းဆီးခံထားရသည့် မီးသတ်ဌာနအဖွဲ့နှင့် လုပ်ငန်းရှင်တို့အနက် မီးသတ်ဦးစီးမှုးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူးတို့ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းသိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့် ပတ်သတ်ဆက်နွယ်နေသည်ဟုဆိုကာ စစ်ကောင်စီအဖွဲ့မှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က မီးသတ်ဌာနမှ အဖွဲ့ဝင်နှင့် လုပ်ငန်းရှင်တို့ စုစုပေါင်း လူ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကိုနှင့် ထွေအုပ်ဒုဦးစီးမှူး ဦးကျော်မျိုးဆိုသူတို့ အပြစ်မရှိကြောင်း ယူဆ၍ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ပေါင်မြို့ခံတစ်ဦးက ဆိုသည်။
“အတည်ပြုနိုင်တာက တနေ့ကတစ်ယောက်အရင်လွတ်တယ်၊မီးသတ်ဦးစီးကမနေ့ကမှထပ်လွတ်တယ်၊ ၄ ယောက်ကတော့ဖမ်းဆီးထားတုန်းပဲ၊ သူတို့ကတစ်နေရာစီခွဲထုတ်ထားတာ၊ အသက် ၄၅ ကျော်ရှိတဲ့ (စိန်လွင်) ကိုထပ်ဖမ်းသွားတယ်” ဟု၎င်းက ပြောသည်။
သို့သော်လက်ရှိ ဖမ်းဆီးထားသည့် လုပ်ငန်းရှင်နှင့် ပတ်သတ်ဆက်သွယ်နေသည်ဟုဆိုကာ အသက် ၄၅ နှစ်အရွယ်ရှိသည့် ဦးစိန်လွင်ဆိုသူကို စစ်ကောင်စီမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထပ်မံဖမ်းဆီးခဲ့သေးကြောင်း ဆက်ပြောသည်။
မီးသတ်ဌာနအဖွဲ့နှင့်အတူ ဖမ်းဆီးခံထားရသည့် တော်ဝင်ဘော်ဒါဆောင်ပိုင်ရှင်ကိုဇာနည်၊ လုပ်ငန်းရှင်များဖြစ်သည့် ဦးမိုးငယ်၊ ဦးဇော်ဝင်မြင့်နှင့် ဒေါ်ကျော့ကျော့စံတို့ ၄ ဦးအပါအဝင် ထပ်မံဖမ်းဆီးခံရသည့် ဦးစိန်လွင်တို့ကို ယနေ့အထိ ပေါင်မြို့နယ်ရဲစခန်းသို့ လွှဲအပ်လာခြင်းမရှိသဖြင့် စစ်ကြောရေးတွင် စစ်ဆေးနေဆဲဖြစ်နိုင်သည်ဟုလည်း ဒေသခံတို့ပြောဆိုလျှက်ရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဥတ္တံတားအတွင်းရွာမှ ဖမ်းဆီးထားသည့် ကျူရှင်ဆရာ ရဲထွန်းနိုင်ကိုလည်း ယနေ့အထိ ပေါင်မြို့နယ်ရဲစခန်းသို့လွှဲအပ်ထားခြင်းမရှိကြောင်း၊ လက်ရှိဖမ်းဆီးခံထားရသည့် ဒေသခံများ သည်လည်း ဦးရဲထွန်းနိုင်ဖမ်းဆီးခံရမှုနှင့်ဆက်စပ်နေသည်ဟု ပေါင်မြို့ဒေသခံကဆက်ပြောသည်။
“ အဖမ်းခံရတဲ့ကျူရှင်ဆရာဆိုလည်း သူ့ဖုန်းကြောင့်အကုန်လုံးမိသွားတာ၊ သူလည်းအခုထိ ဘာမှမကြားရသေးဘူး၊ အိမ်ကိုပဲပြန်ရောက်ထားတယ် သူ့မိသားစုဆီကနေအတည်ပြုမေးထားတယ်၊ လွတ်လာတဲ့ သူနဲ့လည်း မတွေ့ရသေးဘူး ”ဟု ၎င်းကပြောသည်။
ပေါင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နှင့် သတင်းပေးအဖွဲ့များရှိသလို PDF အဖွဲ့ ထောက်ခံသူလည်းများပြားသောကြောင့် စစ်ကောင်စီဘက်မှ ဖမ်းဆီးမှု၊ တော်လှန်ရေးအဖွဲ့တို့၏ ဒလန် စွပ်စွဲသတ်ဖြတ်မှုမကြာခဏဖြစ်ပွားလေ့ရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်တွင်လည်းပေါင်မြို့နယ် ဥတ္တံတားကျေးရွာနှင့် ပေါင်မြို့၊ မိုးနိုင်းရပ်ကွက် အစပ် ရန်ကုန်- မော်လမြိုင်လမ်းပေါ်ရှိ တံတားတစ်ခုအောက်တွင် လက်လုပ်ချိန်ကိုက်မိုင်းအများအပြားတွေ့ရှိပြီးနောက် သံသယရှိသူ ဒေသခံ ၁ ဦးကိုစစ်ဆေးရန်ခေါ်ဆောင်သွားပြီးနောက် ပြန်လွတ်ပေးခဲ့သည်လည်းရှိခဲ့သည်။
ဖေဖော်ဝါရီ ၂၆ ရက်တွင်လည်း စစ်မှူးထမ်းပိုက်ဆံတောင်းခံသည့် ညောကုန်းကြီးရွာအုပ်ချုပ်ရေးမှူးဇနီးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ လာရောက်ပစ်ခတ်သွားသဖြင့် ဦးမြင့်စိုးဆိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကသေဆုံး သွားရသည်ဟုသိရသည်။




