Homeသတင်းရက်ရှည်ကြာ စစ်ဘေးရှာင်နေရခြင်းကြောင့် တနင်္သာရီစစ်ရှောင် ၄၀၀၀ ခန့် နာမကျန်းဖြစ်နေ

ရက်ရှည်ကြာ စစ်ဘေးရှာင်နေရခြင်းကြောင့် တနင်္သာရီစစ်ရှောင် ၄၀၀၀ ခန့် နာမကျန်းဖြစ်နေ

-

တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ်၊ သိန်ခွန်း၊ ညောင်ပင်ကွင်း၊ ထုံခါကျေးရွာမှ စစ်ဘေးရှောင် ၄၀၀၀ ခန့်တို့သည် ရက်ရှည်ကြာ စစ်ရှောင်နေရခြင်းကြောင့် အရေပြား၊ အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် ဝမ်းရောဂါတို့ဖြင့် နာမကျန်းဖြစ်နေကြကြောင်း နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီရေးအဖွဲ့တို့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာလမှစ၍ စစ်ဘေးရှောင်တို့ အရေပြားရောဂါနှင့် ဝမ်းရောဂါတို့ စတင်ဖြစ်ပွားနေကြပြီး ဇန်နဝါရီလခန့်တွင် ပန်းနာရင်ကြပ်၊ နှာစေးချောင်းဆိုးကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတို့ပါ ဖြစ်ပွားလာခြင်းဖြစ်သည်။

တိုက်ပွဲအခြေအနေကြောင့် ၃ လကြာသည်အထိ စစ်ဘေးရှောင်နေသူတို့သည် တောတောင်အတွင်း စားနပ်ရိက္ခာ မလုံ‌လောက်မှု၊ နေရာထိုင်ခင်းအခက်အခဲနှင့် သောက်သုံးရေမသန့်ရှင်မှုတို့ကြောင့် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာနှင့် ရင်ဆိုင်လာရကြောင်း သိရသည်။

နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့မှ အမျိုးသမီးတစ်ဦးက ” ရွာတွေမှာ တိုက်ပွဲတွေဖြစ်တယ်။ ဒေသခံတွေက ချက်ချင်းပြောင်းရွှေ့ရတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြတယ်။ အဲ့လိုပုံနဲ့ စစ်ရှောင်နေရတာကြာတော့ အစာအဟာရတွေ မပြည့်မှီတာကြောင့်ရော သူတို့ရဲ့ နေထိုင်မှုရော၊ ရေကြောင့်လည်းပါတယ်။ အစာအာဟာရ အားနည်းတော့ အဲ့ဒီရောဂါဒဏ်ကို မခုခံနိုင်ကြတာလည်းပါတယ် “ ဟု ပြောသည်။

တိုက်ပွဲပြင်းထန်နေသည့် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အချို့ကို ဆန်၊ စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကပင် စတင်ကန့်သတ်နေသဖြင့် ကုန်ပစ္စည်းတို့ကို တောလမ်းမှ သယ်ဆောင်နေရကြောင်း သိရသည်။

ထို့ကြောင့် စစ်ဘေးရှောင်တို့အများစု ရင်ဆိုင်နေရသည့် အရေပြားရောဂါနှင့် နာတာရှည်ရောဂါ ခံစားနေရသည့် သက်ကြီးပိုင်း စစ်ဘေးရှောင်တို့အတွက် ဆေးဝါး လုံလုံလောက် လောက် မထောက်ပံ့ပေးနိုင်တော့ခြင်းကြောင့် ခွဲတမ်းချကာ ကုသပေးနေရသဖြင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။

“ဆေးဝါးအလုံအလောက်မရှိဘူး။ လုံလုံလောက်လောက်မရရှိတာက တိုက်ပွဲဖြစ်နေတာတစ်ကြောင်း၊ လိုအပ်တဲ့ဆေးကို လိုအပ်တဲ့ချိန်မှာ မရတာကတစ်ကြောင်း၊ လိုချင်တဲ့ဆေးကိုလည်း ရှာဝယ်လို့မရဘူး။ ပြီးတော့ စစ်ရှောင်တွေက တစ်နေရာတည်းမှာ မဟုတ်တော့ လှည့်လှည့်ပြီးဆေးကုပေးနေရတယ်။ သွားကုပေးတဲ့ချိန်ဆို ၅ ရက်စာပေးရမယ့်ဆေးကို ၃ ရက်စာလောက်ပဲပေးနိုင်တော့တယ်”ဟု အထက်ပါသူက ဆိုသည်။

လက်ရှိအချိန်အထိ သိန်ခွန်းကျေးရွာနှင့် ညောင်ပင်ကွင်းတွင် စစ်ဘေးရှောင် ၁၇၀၀ ခန့်နှင့် ထုံခါတွင် ၆၀၀ ခန့် ရောဂါဖြစ်ပွားနေဆဲဖြစ်သည်ဟု နွေဦးမေတ္တာစစ်ဘးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၁၈ ရက်နေ့မှစ၍ မောတောင်-တနင်္သာရီလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းလာသည့်အတွက် နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေပြီး တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာတို့ကို စစ်ကောင်စီမှ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီ တတိယအပတ်အထိ နေအိမ်မီးလောင်ခံနေရသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်ဘေးရှောင်လူဦးရေ ၇၇၀၀၀ ကျော်အထိ ရှိလာပြီးဖြစ်သည်ဟု FE5 Tanintharyi သုတေသနအဖွဲ့၏ အစီရခံစာအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts