spot_img
Tuesday, February 11, 2025
More
    spot_img
    Homeသတင်းတစ်ပတ်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ ၃၀၀ ကျော် ဖမ်းဆီးခံရ

    တစ်ပတ်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ ၃၀၀ ကျော် ဖမ်းဆီးခံရ

    -

    ထိုင်းနိုင်ငံ ကန်ချနပူရီနှင့် စံခလပူရီအာဏာပိုင်တို့မှ ပြီးခဲ့သည့် ဇန်နဝါရီ နောက်ဆုံးအပတ်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် အထောက်အထားမဲ့မြန်မာနိုင်ငံသား ၃၀၀ ကျော်အထိ ဖမ်းဆီးထားနိုင်ကြောင်း ထိုင်းသတင်းဌာန၏ ဖော်ပြထားချက် အရသိရသည်။

    ဇန်နဝါရီ ၃၁ ရက်နေ့ နံနက် ၆ နာရီတွင် ကန်ချနဘူရီပြည်နယ်၊ ထောင်ဖာဖွန်စစ်ဆေးရေးဂိတ်တွင် ၁၂ ဘီးကား တစ်စီးဖြင့်ဝင်ရောက်လာသည့် အထောက်အထားမဲ့မြန်မာနိုင်ငံသား ၁၆၉ ဦးနှင့် ကားသမား ၂ ဦးကို ကန်ချနပူရီအာဏာပိုင်တို့က ဖမ်းဆီးထားသည်။

    ထို့အပြင် ဇန်နဝါရီ ၂၉ ရက်တွင်လည်း ပွဲစားတို့မှ မြန်မာနိုင်ငံသား ၁၁၈ ဦးကို ရေလမ်းဘက်မှတစ်ဆင့် ပို့ဆောင်ရန်လုပ်ဆောင်နေစဥ် စံခလပူရီ(ဝင်က) အာဏာပိုင်တို့ ဖမ်းဆီးရမိခဲ့ပြီး ထိုင်းလဝက ဥပဒေအရ အရေးယူဆောင်ရွက်နေဆဲဖြစ်ရာ ဖမ်းဆီးထားသူတို့ကို နေရပ်သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

    ၂၀၂၅ နှစ်ဆန်းပိုင်းမှစပြီး ကျားဖြန့်နှိမ်နှင်းရေးအတွက် ထိုင်း- မြန်မာနယ်စပ်တစ်လျှောက် အထူးတင်းကြပ် စစ်ဆေးလျက်ရှိပြီး၊ ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသားအချို့ကို ဖမ်းဆီးရမိပြီးနောက် အထောက်အထားဖြင့် ဝင်ရောက်လာသည့် မြန်မာလုပ်သားအချို့ပါ အခက်ကြုံလာရကြောင်း ထိုင်း- မြန်မာ ခရီးသည်ပို့ဆောင်နေသူတစ်ဦး ကပြောသည်။

    “အခုကသူတို့လမ်းကြောင်းပိတ်ထားတာလို့ပြောရမှာ နည်းနည်းလှုပ်လို့မရသေးဘူး၊ ပတ်စပို့ရှိတဲ့ သူတွေရောပဲ သွားလာရခက်တယ်၊ အရင်က သူတို့ဘုရားသုံးဆူ ဘက်ကနေလာတဲ့တရုတ် ၂၀ ယောက်ဖမ်းမိထားတယ် ပွဲစားလည်းထိတော့ ပွဲစားကပြောပြလိုက်တယ် ပိုက်ဆံပေးထားကြောင်းဘာညာ အဲ့တာနဲ့ပဲ အထက်ပိုင်း လူကြီး တွေကသိသွားတော့သူတို့စစ်ဆေးပိတ်လိုက်တယ် တကယ်ကဘုရားသုံးဆူလမ်းပိုင်းကို သူတို့ပြန်ခွင့် မပေး ထားတာပဲဆိုတော့ ”ဟု ၎င်းက ပြောသည်။

    ထို့ကြောင့် လတ်တလော ဘုရားသုံးဆူနယ်စပ် စံခလဘူရီ(ဝင်ကရွာ) အဝင်အထွက် တို့တွင်လည်း လုံခြုံရေး တိုးမြှင့်ထားသည်။

    ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်သူတို့အနက် လတ်တလောပဋိပက္ခနှင့်တိုက်ပွဲဖြစ်ပွားနေသည့် ရေးမြို့နယ်တောင်ပိုင်းနှင့်မြောက်ပိုင်း ဘက်မှ ဒေသခံများအပါအဝင် ဘီးလင်း၊ပေါင်မြို့နယ်မှ ဒေသခံတို့က ဝင်ရောက်မှုများပြားလျက်ရှိသည်ဟု ဘုရားသုံးဆူမြို့မှ သတင်းအရင်းအမြစ်တစ်ဦးကပြောသည်။

    “ဒီရက်ပိုင်းရေးဘက်ကသူတွေတော်တော်များတယ် လမိုင်း၊သောင်ပြင်ဘက် ရေးတောင်ပိုင်းဘက်ကသူတွေပေါ့၊ ပြီးတော့ပေါင်၊ကျိုက်ထိုဘက်ကများတယ်၊ စစ်ရှောင်တွေလည်းပါရင်ပါမယ် ဘာလို့ဆိုပဋိပက္ခဖြစ်တဲ့ ဒေသ ကသူတွေဖြစ်နေတော့အဲ့လိုလည်းပြောနိုင်တယ် သူတို့ဘယ်နှစ်ယောက်ဘယ်နှစ်ယောက်ဝင်နေလဲဆိုတာက သိနေပြီးသားပဲ၊ အပေးအယူမရှိဘဲနဲ့အဲ့လိုလွတ်သွားအောင် သွားလို့မရဘူး”ဟု၎င်းကပြောသည်။

    ထိုင်း- မြန်မာနယ်စပ်ဂိတ် အသီးသီးတွင် ထိုင်းအာဏာပိုင်များက စစ်ဆေးမှုတင်းကြပ်လျက်ရှိပြီး၊အထောက်အထားမဲ့မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသားအလုပ်သမားများကိုဖမ်းဆီးမှုဆက်တိုက်ပြုလုပ်နေဆဲဖြစ်သည်။

    ပြီးခဲ့သည့် ဇန်နဝါရီအနောက်ဆုံးအပတ်အတွင်း ထိုင်းသတင်း ဖော်ပြချက်အရ ဘုရားသုံးဆူ စံခလပူရီ နယ်စပ်စစ်ဆေးရေးဂိတ်မှ ကန်ချနပူရီပြည်နယ် တစ်လျှောက် အထောက်အထားမဲ့မြန်မာလုပ်သားတို့ကို နေ့စဉ်ဖမ်းရမိနေကြောင်း သိရသည်။

    စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ဆက်လက်ပြဌာန်းလိုက်သည့်အပြင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များကို လေဆိပ်မှတစ်ဆင့်ပြည်ပသွားလာခွင့် ပိတ်ထားခြင်းကြောင့် ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်မှု တစ်ဖန်ပြန်တိုးလာကြောင်း နယ်စပ်ဒေသအတွင်း နေထိုင်သူတို့မှ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,800SubscribersSubscribe
    spot_img

    Latest posts