တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအရ ကိုးကန့်တပ် (MNDAA) နှင့် စစ်ကောင်စီတို့ အပစ်အခတ် ရပ်စဲလိုက်ခြင်းကြောင့် တော်လှန်ရေးအပေါ် သက်ရောက်လာနိုင်သလားဆိုပြီး တော်လှန်ရေးနှင့် နိုင်ငံရေး အသိုင်းအဝိုင်းကြားတွင် သုံးသပ်မှုများ ရှိနေသည်။

MNDAA နှင့် စစ်ကောင်စီတို့က ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သဘောတူညီမှု ရရှိခဲ့ကြခြင်း ဖြစ်သည်။
MNDAA နှင့် စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲသော်လည်း တော်လှန်ရေးအပေါ် သက်ရောက်မှု မရှိကြောင်း၊ မည်သည့်ကိစ္စမဆို အကောင်းအဆိုးရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။
“အားကိုးအားထားတော့ ရုတ်တရက် လျော့သွားသလို ဖြစ်တာပေါ့၊ သို့သော်လည်း ကိုယ်ဒူးကိုယ်ချွန် စိတ်ဓါက် ပိုပြီးတော့ တက်သွားမှာပေါ့၊ ဒီလိုမှ မဟုတ်ရင် သူတို့ကို အားကိုးနေရရင် သူတို့စကားနားထောင်နေရမယ်၊ သူတို့မျက်နှာ ကြည့်နေရမယ်၊ ကိုယ့်ခြေထောက်နဲ့ကိုယ် ကိုယ့်ဟာကို ဆက်လုပ်စရာရှိတာ လုပ်ကြရမှာပေါ့၊ ဒါကြောင့်မို့လို့ ဘယ်ကိစ္စမဆို အဆိုးအကောင်းရှိပါတယ်။ ခင်ဗျားပြောသလို တစ်ဖက်ကလည်း အားလျော့စရာဖြစ်တာပေါ့၊ တစ်ဖက်ကလည်း ကိုယ်ဒူးကိုယ်ချွန် ကိုယ့်လမ်းကိုယ်ပြန်လျှောက်ဖို့ လိုတာပေါ့၊ MNDAA ပဲဖြစ်ဖြစ်၊ AA ပဲဖြစ်ဖြစ်၊ TNLA ပဲဖြစ်ဖြစ်၊ ပြောထားတဲ့အခါမှာ ရှင်းနေတာပဲလေ။ နွေဦးတော်လှန်ရေးက ဆက်လုပ်နေတဲ့လူကိုယ် အနှောင့်အယှက်ပေးမှာ မဟုတ်ဘူး။ ကူညီစရာရှိရင် ကူညီမယ်၊ ဒီလောက်ဆိုရင် တော်ပြီပေါ့။ 1027 တုန်းကဆိုရင် အဲဒီကတည်းကလည်း MNDAA က ရိပ်မိပုံရတယ် သူတို့တနေ့ကျရင် အဲဒါကြောင့်မို့လို့ လက်နက်တွေဘာတွေ အကုန်ပေးပြီးတော့ မြေပြန့် ဆင်းကုန်တာလေ၊ ခင်ဗျားလည်း ကြားမှာပေါ့၊ BPLA တို့ ဘာတို့ ဟုတ်တယ်မလား” ဟု ၎င်းက ပြောသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်ဖက် သဘောတူညီမှု တစ်စုံတစ်ရာ ရရှိကာ MNDAA ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်များကိုလည်း တရုတ်ဘက်က ပြန်လည်ဖွင့်ပေးခဲ့သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် AA၊ MNDAA၊ TNLA တို့ ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်နှင့် ရခိုင်ပြည်အတွင်းရှိ မြို့အများအပြားကို သိမ်းပိုက်ရရှိခဲ့သည်။
အဆိုပါ မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့များ စစ်ကောင်စီတပ်နှင့် အပစ်အခတ်ရပ်စဲခြင်းသည် နိုင်ငံအနှံ့က အခြားတော်လှန်ရေးတပ်ဖွဲ့များအတွက် အနုတ်သဘောဆောင်သည့် သက်ရောက်မှု ရှိလာမှာဖြစ်ကြောင်း မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မှ စစ်ဦးစီးချုပ် ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။
“အကယ်လို့ ၁၀၂၇ စစ်ဆင်ရေး အရှိန်ကို ထိန်းထားမြင့်ထားနိုင်ရင် ရခိုင်ပြည်က စစ်ရေးအရှိန်ကို ထိန်းထားမြင့်ထားနိုင်ရင် မြေပြန်ဖက် မိမိတို့ တောင်ပိုင်းဖက် ရောက်သွားဖို့ သိပ်မခဲယဉ်းပါဘူး။ ရန်သူစကစဟာ စစ်မျက်နှာတစ်ခုက ပိုပြီး နှစ်ခု၊ သုံး၊ လေးခု ဖွင့်ထားရရင် သူ့ရဲ့ စစ်အင်အားက အလိုအလျှောက် မလုံလောက်တော့တဲ့အတွက် မြေပြန့်ဖက် မိမိတို့ တောင်ပိုင်းဖက်မှာ စစ်ရေးအရှိန်မြင့်ပြီး မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲဖို့ မခဲယဉ်းပါဘူး။ ဒီလိုမျိုး တစ်နိုင်ငံလုံးအနှံ တစ်တိုင်းပြည်လုံး အတိုင်းအတာဆောင်တဲ့ စစ်ဆင်ရေးတစ်ရပ် အချိတ်အဆက်ညီညီ ဟန်ချက်ညီညီပြုလုပ်ကြဖို့ မိမိတို့ တိုက်တွန်းခဲ့တာ ရှိပါတယ်။ သို့သော်ငြားလည်း မဖြစ်လာခဲ့ဘူး။ ဒါကြောင့်မို့ ယခုလိုမျိုး မြောက်ပိုင်းတပ်တွေက စကစနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်လာနိုင်တဲ့အတွက် မြေပြန့်မှာ မိမိတို့တောင်ပိုင်းမှာ မြို့သိမ်း စခန်းသိမ်းတွေက အရင်ကထက် ပိုပြီး ခက်ခဲလာမှာပါ” ဟု ပြောသည်။
မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့များ၏ မြို့သိမ်းတိုက်ပွဲဖော်ဆောင်လာမှုအပေါ် ကျန်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ အခြားတော်လှန်ရေးတပ်ဖွဲ့များက အားကျအတုယူနေသည့်အချိန်တွင် စစ်ကောင်စီနှင့် MNDAA တို့ အပစ်အခတ်ရပ်စဲမှုက တော်လှန်ရေးအပေါ် သက်ရောက်ကြောင်း စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး တစ်နိုင်ငံလုံးက ဝိုင်းဝန်း လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ဒေါက်တာသီရိမွန်ချမ်းက ဆက်ပြောသည်။
မြေပြန့်ဒေသလွတ်မြောက်ရန် ဗမာလူမျိုးစုများက အဓိက တိုက်ပွဲဖော်ဆောင်ရမှာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက တခြားအထောက်အပံ့များ အကူအညီနိုင်ရန် ဖြစ်လိမ့်မည်ဟု မြင်မိကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။
“ကျနော်ထင်ပါတယ်။ မြေပြန့်ကိုကလေ မူလကတည်းကလည်း မြေပြန့်မှာ တိုက်ပွဲဖော်ဖို့ လိုအပ်နေတယ်။ မြေပြန့်မှာ တိုက်ဖွဲဖော်ဖို့ကလည်း အထူးသဖြင့် ဗမာအမျိုးသားများ တနည်းအားဖြင့် ပြောရရင် ဗမာလည်း ဒီတိုင်းရင်းသား လူမျိုးတစ်မျိုးပဲလေ၊ သူတို့ဒေသအတွက် သူတို့ကိုယ်၌ တိုက်ပွဲဝင်ရမယ်။ တိုင်းရင်းသားတော်လှန်ရေးတပ်တွေ အနေနဲ့ကတော့ ချိတ်ဆက်ပြီးတော့ အားပေးရုံ တခြားအထောက်အပံ့ အကူအညီတွေ ပေးရုံပဲ ဖြစ်လိမ့်မယ်လို့ ကျနော် အဲဒီလို မြင်မိပါတယ်” ဟု ၎င်းက ပြောသည်။
တရုတ်၏ ဖိအားပေးမှုကြောင့် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရသလို MNDAA ၏ နိုင်ငံရေးရည်မှန်းချက် ပြည့်ဝသွား၍ သဘောတူညီမှုရခြင်းလည်း ဖြစ်နိုင်ကြောင်း မိမိတို့ ဒေသ၊ မိမိတို့နယ်မြေအတွက် ကိုယ်တိုင်အားစိုက်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရမည်ဟု ၎င်းက ထပ်မံပြောကြားသည်။
စစ်ကိုင်း၊ မကွေး၊ မန္တလေး စသည့် ပြည်မဒေသလွတ်မြောက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ်တွင် မူတည်ကြောင်း အဆိုပါ တိုင်းဒေသကြီး သိမ်းပိုက်နိုင်ပါက စစ်ကောင်စီ၏ နောက်ဆုံးရက် နီးလာပြီဟု ပြော၍ရကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောသည်။
“NUG အပေါ်မှာ မူတည်တယ်လေ၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးဆိုတာ ဗမာနယ်မြေလေ၊ ရခိုင်နယ်မြေလည်း မဟုတ်ဘူး။ ကချင်နယ်မြေလည်း မဟုတ်ဘူး။ ချင်းနယ်မြေလည်း မဟုတ်ဘူး။ ကယားနယ်မြေလည်း မဟုတ်ဘူး။ အဲဒီတော့ NUG ဘယ်လောက်လောက် တိုက်နိုင်မှာလဲ၊ သူတပ်ပေါင်းစုကို ဘယ်လောက်ဖွဲ့နိုင်မလဲ၊ သူက စစ်ပြင်ဆင်မှု ဘယ်လောက်ရှိမလဲ၊ လေတွေပဲ ပြင်နေမယ်၊ လေတွေပဲ တိုက်နေမယ်ဆိုရင်တော့ အညာဒေသက ပြောင်းလဲလာစရာ မရှိဘူး။ သို့သော် အဲဒီလေသမားတွေ မပါရင်လည်း တခြားတပ်ပေါင်းစုတွေ အများကြီးရှိသေးတယ်။ မောင်ဆောင်းခတို့ တပ်တွေ (BPLA)၊ PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်)တပ်တွေ ကျောင်းသားတပ်မတော်(ABSDF) အများကြီးပဲ သူတို့ကတော့ တိုက်မှာ တိုက်နေရင် AA အပါအဝင် KIA၊ ချင်းတွေကလည်း ကူမှာ၊ NUG ကလည်း ပင်မတပ်ကြီးတွေနဲ့ တိုက်စေချင်တာ ဆရာတို့က သူကလည်း ရံတိုက်မယ်ဆိုရင်တော့ အညာက ပြောင်းလဲနိုင်တယ်။ မကွေး၊ စစ်ကိုင်း၊ မန္တလေးကျသွားရင်တော့ မင်းအောင်လှိုင်ရဲ့ နောက်ဆုံးရက်တွေ နီးသွားပြီ အဲဒါတော့ ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုအရ စစ်ကောင်စီတပ်နှင့် MNDAA တို့ အပစ်အခတ်ရပ်စဲခြင်းက နွေဦးတော်လှန်ရေးအပေါ်တွင် တစ်စုံတစ်ရာ သက်ရောက်နိုင်သော်လည်း ညီနောင်မဟာမိတ်များအနေဖြင့် တော်လှန်ရေးကို တစ်နည်းတစ်ဖုံ အကူအညီပေးနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
အခြားတစ်ဖက်တွင်လည်း ပြည်မဒေသအပါအဝင် အခြားကျန်ရှိနေသေးသည့် တိုင်းရင်းသားဒေသများ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်မြောက်ရန် မိမိကိုယ်တိုင် အဓိကထား တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်သူအများစုက ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးလမ်းနှင့် ဖြေရှင်းရန် အသင့်ရှိသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် AA၊ MNDAA၊ TNLA တို့က အသီးသီး ထုတ်ပြန်ထားသည်။