Homeသတင်းပြည်သူလူထု၏ အကြပ်အတည်းကို နည်းလမ်းအသစ်ဖြင့် ဝိုင်းဝန်းဖြေရှင်းနေဟု 7 EAO Alliance ပြော

ပြည်သူလူထု၏ အကြပ်အတည်းကို နည်းလမ်းအသစ်ဖြင့် ဝိုင်းဝန်းဖြေရှင်းနေဟု 7 EAO Alliance ပြော

-

နိုင်ငံတစ်ဝှမ်း လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် ပြည်သူလူထု နေ့စဉ်ကြုံနေရသည့် လူမှုအခက်ခဲအကြပ်အတည်းမျိုးစုံကို နည်းလမ်းအသစ်ဖြင့် ဝိုင်းဝန်းဖြေရှင်းနေကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့၏ မဟာမိတ်အဖွဲ့- 7 EAO Alliance က ပြောဆိုသည်။

7 EAO Alliance ၏ တတိယအကြိမ် ဦးဆောင်အဖွဲ့ အစည်းအဝေးတစ်ရပ်ကို ဇန်နဝါရီလ ၁၄ ရက်နေ့က အွန်လိုင်းပေါ်တွင် ကျင်းပခဲ့ပြီး ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှုးအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီအသီးသီးမှ သက်ဆိုင်သူများ စုစုပေါင်း ၂၂ ဦး တက်ရောက်သည်ဟု 7 EAO Alliance က ထုတ်ပြန်ထားသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူတို့ လက်ငင်းနိုင်ငံရေးအကြပ်အတည်းမှ လွတ်မြောက်နိုင်ရန် 7 EAO Alliance မှ ဖက်ဒရယ်အခြေခံမူ ဆွေးနွေးညှိနှိုင်းရေးသားခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ကို သက်ဆိုင်ရာပြည်နယ်အလိုက် ရေးဆွဲနိုင်ရေး၊ အနာဂတ်တွင် ဖက်ဒရယ်ပြည်ထောင်စုနှင့် ကိုက်ညီမည့် ဖက်ဒရယ်တပ်မတော်ပေါ်ထွန်းရေးအပြင် လက်ရှိအကောင်အထည်ဖော်နေဆဲဖြစ်သည့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတို့ကို အရှိန်မြှင့်ဆောင်ရွက်သွားမည့်အချက်များကို ဆွေးနွေးခဲ့သည့် ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခုလုပ်နေတဲ့အစည်းဝေးရဲ့ ရည်ရွယ်ချက်ကလည်း လက်ရှိ အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့ နည်းလမ်းအသစ်အပေါ်မှာ ဒါကျနော်တို့အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်တဲ့ အစည်းဝေးလို့ပြောလို့ရပါတယ်။ အဲဒီမှာ ခွဲလိုက်မယ်ဆိုရင်တော့ လုပ်ငန်းစဉ်အနေနဲ့က ၂ ပိုင်းတော့ရှိမယ်။ နံပါတ် ၁ တစ်ပိုင်းကတော့ မိမိတို့ အဖွဲ့ ၇ ဖွဲ့ထဲမှာ လုပ်ရမဲ့အလုပ်တွေရှိသလို၊ အခြားတစ်ဖက်မှာလည်းပဲ ပြင်ပအင်အားစုတွေနဲ့ ကျနော်တို့လုပ်ရမဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်းပြောဆိုနိုင်ခဲ့တယ်ဆိုတာကို အကြမ်းဖျင်းအနေနဲ့ ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။

၎င်းပြင် နိုင်ငံ၏ အကြပ်အတည်းကို ဖြေရှင်းရာတွင် ပြင်ပအင်အားစုပါဝင်မှုတို့လည်း အရေးပါနေခြင်းကြောင့် အခြားတိုင်းရင်းသားလက်နက်ကိုင်တို့နှင့် ပိုမိုထိတွေ့စုစည်းသွားမည့်အပြင် အာဆီယံနိုင်ငံထံ ချဉ်းကပ်နိုင်မည့်နည်းလမ်းနှင့် ယခင် NCA လက်မှတ်ရေးထိုးစဉ် အသိသက်သေအဖြစ်ပါဝင်ခဲ့သည့် နိုင်ငံတကာ ပုဂ္ဂိုလ်တို့နှင့်လည်း ပြန်လည်ချိတ်ဆက်လုပ်ဆောင်သွားမည်ဟု သိရသည်။

လတ်တလော စစ်ဘောင်ကျယ်ပြန့်ချိန်တွင် အခြားတိုင်းရင်းသား လက်နက်ကိုင်တို့နှင့် ထိတွေ့ချိတ်ဆက်နိုင်ရန် စိန်ခေါ်မှုရှိသော်လည်း တတ်စွမ်းသလောက်ကြိုးပမ်းသွားမည်ဟုလည်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် တာဝန်ရှိသူက ဆက်ပြောသည်။

“သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုက ပေါ်လာဖို့လွယ်ပါ့မလား ဆိုတာက အမှန်တကယ်စိန်ခေါ်မှုတွေ အများကြီးရှိနေမယ်ဆိုတာကို ကျနော်တို့က နားလည်ပါတယ်။ သို့သော်လည်းပဲ သမိုင်းဖြတ်သန်းမှုအရပဲပြောပြော နောက်ဆုံးနိုင်ငံရေးပြဿနာကို အပြီးသတ်ဖြေရှင်းနိုင်မဲ့ ပုံစံကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးခြင်းက ပြဿနာကို ဖြေရှင်းနိုင်မဲ့ ပလက်ဖောင်းလို့ ကျနော်နားလည်တဲ့အတွက်ကြောင့် အခက်အခဲ အကြပ်အတည်းနဲ့ စိန်ခေါ်မှုတွေ ဘယ်လောက်ရှိရှိ ကျနော်တို့လုပ်နိုင်စွမ်းရှိတဲ့သလောက်လုပ်သွားမယ်” ဟု အထက်ပါ တိုင်းရင်သားလက်နက်ကိုင် တာဝန်ရှိသူက ဆိုသည်။

အဓိက အားဖြင့် ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဉ်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆက်လက်ကြိုးပမ်းနိုင်ရန် 7 EAO Alliance စတင်စုဖွဲ့ချိန်မှစပြီး ၄ လလျှင် တစ်ကြိမ် ယခုကဲ့သို့ ဦးဆောင်အစည်းအဝေးကို အွန်လိုင်းမှ ဆွေးနွေးပြုနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ မတ်လတွင် NCA အပစ်ရပ် တိုင်းရင်းလက်နက်ကိုင် (၇) ဖွဲ့ PPST မှ စုဖွဲ့မှုပုံစံအသစ်အဖြစ် 7 EAO Alliance မဟာမိတ်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) နှင့် ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ပါဝင်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts