မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူများကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုထားကြောင်း ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ရေးမြို့နယ်အတွင်း ည ၆ နာရီမှ နံနက် ၆ နာရီ ညမထွက်အမိန့် ထုတ်ပြန်ထားပြီး လိုက်နာမှု မရှိသူများကို လမ်းပေါ်တွေ့ပါက ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းမည်ဖြစ်ကြောင်းကို စစ်ကောင်စီက ပြောဆိုထားကြောင်း ရေးဒေသခံတစ်ဦးက ပြောသည်။
“ရွာအပိုင်းတွေမှာဆိုရင် နေဝင်တာနဲ့ မီးငြိမ်းထားရတဲ့သဘောမျိုးဖြစ်နေတယ်။ ညနေ ၅ နာရီခွဲအချိန်လောက်ဆိုရင် ကိုယ့်အိမ်၊ ကိုယ့်ခြံဝင်းထဲမှဘဲနေနေကြရတယ်။ ဈေးဆိုင်တွေဆိုရင်လည်း ၅ နာရီခွဲတာနဲ့ ပိတ်ဖို့ အုပ်ချုပ်ရေးအပိုင်းကလူတွေက သတိပေးထားတာမျိုးတွေရှိတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ညမထွက်ရအမိန့် ဖောက်ဖျက်သူများကို ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းမည်ဆိုသည့် စစ်ကောင်စီ၏ ခြိမ်းခြောက်ပြောဆိုချက်သည် စစ်မှုထမ်းရန်အတွက် လူရှာမရတော့သည့်အခြေအနေကြောင့် ယင်းကဲ့သို့ ခြိမ်းခြောက်ပြောဆိုလာခြင်းဖြစ်ကြောင်း ဒေသခံတို့က သုံးသပ်ပြောဆိုနေကြသည်။
ယခင်က စစ်မှုထမ်းရန်အတွက် ရွှေ့ပြောင်းလုပ်သားများကို ငွေကြေးပေးပြီး စစ်သင်တန်းသို့ ပို့ဆောင်ကြလေ့ရှိသော်လည်း နောက်ပိုင်းတွင် ငွေကြေးပေးသော်လည်း လူရှာမရတော့သည့်အခြေအနေ ဖြစ်နေသည်။
“အရင်ကတော့ ည ၈ နာရီလောက်ထိကို လူတွေက လမ်းပေါ် သွားလာနေကြတာမျိုးတွေ ရှိခဲ့တယ်။ ညပိုင်းမှာ အရက်ဆိုင် ဘီယာဆိုင်တွေဆိုရင်လည်း ည ၈ နာရီလောက်အထိကို ဖွင့်ကြတာမျိုးတွေ ရှိခဲ့တယ်။ အခုလို စစ်ကောင်စီကနေ ည ၆ နာရီနောက်ပိုင်း လမ်းပေါ်တွေ့တဲ့လူကို ဖမ်းဆီးပြီးတော့ စစ်သင်တန်းကို ပို့မယ်လုပ်တော့မှ ညနေ ၅ နာရီခွဲလောက်ဆိုရင် ဈေးဆိုင်တွေ အကုန်သိမ်းကြရတယ်။ နောက်ပြီး လမ်းပေါ်မှာလည်း လူမရှိတာ့ဘူး” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။
လတ်တလောတွင်လည်း စစ်ကောင်စီဘက်က ညနေ ၆ နာရီထိုးသည်နှင့် အင်အားအများအပြားဖြင့် ရေးမြို့ပေါ် လှည့်လည်နေကြောင်းလည်း ၎င်းမြို့ခံက ဆိုသည်။
အလားတူ နေ့ခင်းပိုင်းတွင် စစ်ဆေးရေးဂိတ်နေရာတို့တွင် ဖြတ်သန်းသွားလာသည့် လူငယ်များကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကြေးပေးနိုင်သူများ ပြန်လွတ်လာသော်လည်း အချို့ ငွေကြေးမတတ်နိုင်သူများ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက ခေါ်ဆောင်သွားသည်ဟုလည်း ဒေသခံတို့က ပြောသည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ မွန်ပြည်နယ်၊ ရေးမြို့နယ်ကို အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်က စစ်ကောင်စီက ထုတ်ပြန်ထားသည်။