Homeသတင်းမွန်ပြည်သစ်ထိန်းချုပ်နယ်မြေရှိ အသက် ၅ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကာကွယ်ဆေး ထိုးနှံပေးသွားမည်

မွန်ပြည်သစ်ထိန်းချုပ်နယ်မြေရှိ အသက် ၅ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကာကွယ်ဆေး ထိုးနှံပေးသွားမည်

-

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်းရှိ အသက် ၅ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် Expanded Program on Immunization -EPI Program အစီအစဉ်ဖြင့် ကာကွယ်ဆေး ပြန်လည်ထိုးနှံပေးသွားမည်ဟု မွန်အမျိုးသားကျန်းမာရေးဌာန (ဗဟို) ထံမှ သိရသည်။

ကာကွယ်ဆေးများထိုးနှံရန် အခက်အခဲဖြစ်နေသည့် အသက် ၅ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ရည်ရွယ်ပြီး EPI Program ကို မွန်ပြည်သစ်ပါတီ လက်အောက်ခံ မွန်အမျိုးသားကျန်းမာရေးဌာန (ဗဟို) က ဆောင်ရွက်ပေးခြင်းဖြစ်ပြီး လာမည့်ဒီဇင်ဘာလကုန်ပိုင်း၌ စတင်ထိုးနှံသွားနိုင်ရန် စီစဥ်ထားသည်ဟု ဆိုသည်။

“ကျွန်တော်တို့က ဒီကာကွယ်ဆေးထိုးနှံတဲ့ အစီအစဉ်ကို ၁၀ လပိုင်း (အောက်တိုဘာလ) တုန်းက စတင်အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာလည်း ပြင်ဆင်မှုတွေ မပြီးစီးသေးတာရော အလှူရှင်တွေဆီက ဆေးတွေလည်း ရောက်တာ နောက်ကျသွားတဲ့အတွက်ပါ ဆေးလုံလုံလောက်လောက် မရရှိခဲ့တာကြောင့် မထိုးဖြစ်ခဲ့ဘူး။ အခုမှ စတင်ထိုးနှံပေးသွားမှာပါ” ဟု မွန်အမျိုးသားကျန်းမာရေးဌာန တာဝန်ခံဖြစ်သူ နိုင်စိုက်ရော့က ပြောသည်။

EPI Program အမည်ဖြင့် ကာကွယ်ဆေးထိုးနှံပေးသည့်အစီအစဉ်ကို ၂၀၁၀ ကစတင်ပြီး ၂၀၂၀ ခုနှစ်အထိ အကောင်အထည်ဖော်နိုင်ခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကူးစက်မှုနှင့် စစ်အာဏာသိမ်းမှုတို့ကြောင့် ရပ်ဆိုင်းခဲ့ရသည်။

ထို့ကြောင့် ယခု ၂၀၂၄ ခုနှစ်အတွင်း ပြန်လည်အကောင်အထည်ဖော်မည့် ကာကွယ်ဆေးထိုးနှံ ပေးသည့် အစီအစဥ်တွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများဖြစ်သည့် ဘုရားသုံးဆူဒေသမှ (၁၀) ရွာ၊ ရေးချောင်းဖျားဒေသမှ (၁၁) ရွာနှင့် ရေဖြူဒေသမှ (၉) ရွာ စုစုပေါင်း ရွာပေါင်း (၃၀) ခန့် ပါဝင်သည်ဟု သိရသည်။

“ကာကွယ်ဆေးကတော့ ၁၁ မျိုးရှိတယ်။ အဲဒီအထဲက ၉ မျိုးလောက် ထိုးနှံပေးနိုင်ဖို့တော့ စီစဉ်ထားတယ်။ ဘယ်ဒေသတွေကို အရင်ဆုံး ထိုးနှံပေးသွားမလဲ၊ ဘယ်နေ့တွေမှာ ထိုးနှံပေးသွားမလဲ၊ တစ်ရွာကို ဘယ်လောက်နှုန်းနဲ့ ထိုးပေးသွားမလဲ စတဲ့ စာရင်းဇယား အသေးစိတ်တွေကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြင်ဆင်နေကြတုန်းပဲ” ဟု မွန်အမျိုးသားကျန်းမာရေးဌာန (ဗဟို) တာဝန်ခံ နိုင်စိုက်ရော့က ဆက်လက်ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်များဖြစ်ပွားခဲ့သည့် ၂၀၂၀ ခုနှစ်ကနေ ၂၀၂၃ နှစ်ကုန်ပိုင်းအထိ မွန်ပြည်သစ်ပါတီလက်အောက်ရှိ ကျန်းမာရေးဌာနနှင့် ဆေးပေးခန်းများတွင် ကာကွယ်ဆေး ပြတ်လပ်သည့်အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသေးသည်။

လွန်ခဲ့တဲ့ ၁၉၇၂ ခုနစ်က စတင်တည်ထောင်ခဲ့သည့် မွန်ပြည်သစ်ပါတီ ဗဟိုကျန်းမာရေးဌာန အောက်တွင် လက်ရှိ ပြည်သူ့ဆေးရုံကြီး တစ်ရုံ၊ အလယ်အလတ်အဆင့်ရှိ ဆေးရုံ ၁၇ ရုံ၊ ဆေးပေးခန်း ၁၈ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts