spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုမြို့နယ်တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး၊ ဒေသခံများ စစ်ဘေးရှောင်နေရ

    ကျိုက်ထိုမြို့နယ်တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး၊ ဒေသခံများ စစ်ဘေးရှောင်နေရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ကြား ၅ ရက်ဆက်တိုက် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားနေသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့က တော်လှန်ရေးအင်အားစုတို့လှုပ်ရှားနေသည့် ကျိုက်ထိုမြို့နယ်၊ ကျောက်ပုံ၊ မဲရုံကြီးနှင့် အထက်အင်္ဂဘိုကျေးရွာဘက်သို့ စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။

    “နေ့ဘက်ကတော့ ဘာမှမဖြစ်ဘူး။ ညဘက်ပဲ ပစ်နေကြတယ်။ စကစအမြောက်တပ် (၂၀၇) ကနေလည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်နေတုန်းပဲ။ ဒေသခံကျတော့ မနေရဲလို့ရှောင်နေကြရတယ်” ဟု ကျောက်ပုံဒေသခံတစ်ဦးက ဆိုသည်။

    နှစ်ဖက်တိုက်ပွဲကြောင့် ရွာ ၄ ရွာထက်မနည်းက ဒေသခံ ၅၀၀ ခန့်က နီးစပ်ရာ တောတောင်နှင့် ဥယျာဉ်ခြံတို့တွင် စစ်ဘေးတိမ်းရှောင်နေကြရပြီး နေထိုင်ရေးနှင့် စားရေးသောက်ရေး အခက်အခဲကြုံတွေ့နေကြရသည်ဟု ၎င်းက ဆက်ပြောသည်။

    နိုဝင်ဘာလ ၃ ရက်နေ့အထိ ပျဉ်းကတိုးကုန်းကျေးရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်နှင့် တော်လှန်ရေးအဖွဲ့တို့ နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှုရှိနေသည်ဟုလည်း ဒေသခံတွင်းသတင်းရင်းမြစ်တို့မှ သိရသည်။

    စစ်ကြောင်းထိုး ၅ ရက်အတွင်း တိုက်ပွဲခုနှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ကျောက်ပုံကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၂ လုံးကိုလည်း စစ်ကောင်စီစစ်ကြောင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။

    နိုဝင်ဘာ ၅ ရက်နေ့မှာတော့ စစ်ကောင်စီစစ်ကြောင်းအချို့ ပြန်လည်ဆုတ်ခွာမှုရှိနေသော်လည်း စစ်ကြောင်းအချို့ ကျန်ရှိနေသေးပြီး တိုက်ပွဲဆက်ဖြစ်နေသလို ဆောင်နိုင်ကြီး၊ မဲရုံးကြီးနှင့် ကျောက်ပုံရွာတို့တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေဆဲဖြစ်သည်ဟု သိရသည်။

    ပွင့်လင်းရာသီတွင် ကျိုက်ထိုမြို့နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲဖော်ဆောင်မှု ပိုမိုအားကောင်းလာမည်ဖြစ်သည့်အတွက် ဒေသခံများ ကြိုတင်တိမ်းရှောင်ထားကြရန် ကျိုက်ထို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တို့က သတိပေးထုတ်ပြန်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks