Homeသတင်းစစ်ကောင်စီအမြှောက်တပ်မှ ၃ ရက်ဆက်တိုက် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ

စစ်ကောင်စီအမြှောက်တပ်မှ ၃ ရက်ဆက်တိုက် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် အခြေစိုက်သည့် အမတ-၃၁၇ အမြှောက်တပ်ရင်းသည် ယခုလ အောက်တိုဘာ ၄ ရက်နေ့က စတင်ပြီး ၆ ရက်နေ့အထိ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

နှစ်လကျော်ကြာအထိ တိုက်ပွဲပြင်းထန်လျက်ရှိသည့် သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ကူမှုများ ပြုလုပ်ပေးနေခြင်းဖြစ်ဟု ဆိုသည်။

“အနန်းကွင်းဘက်မှာ နေ့တိုင်းပဲ တိုက်ပွဲဖြစ်နေတာ၊ စစ်ကောင်စီဘက်ကလည်း သူတို့စခန်း မကျအောင်တော့ လက်နက်ကြီးနဲ့ လှမ်းထုနေတာရှိတယ်၊ စစ်ကူပေးနေတဲ့ သဘောပေါ့၊ ကျနော်တို့ဘက်ကလည်း လစ်ရင် လစ်သလို အနန်းကွင်းမရသရွှေ့တော့ တိုက်နေတာပဲ” ဟု အမည်မဖော်လိုသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီ အမြှောက်တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးပေါက်ကွဲသံများသည် ယခင်ကထက် ပိုမိုပြင်းထန်ကျယ်လောင်ပြီး အနည်းဆုံး ၁၂၀ မမ လက်နက်ကြီးကျည်နှင့် ဟောင်ဝစ်ဇာတို့ဖြင့် ပစ်ခတ်နိုင်သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် ညနေပိုင်းအချိန်ကိုသာ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့ပြီး တစ်ညကို လက်နက်ကြီးကျည် ၁၀ လုံးနှင့်အထက် ပစ်ခတ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အခုသူတို့ရဲ့ (စစ်ကောင်စီ) လက်နက်ကြီးတွေက အရင်ကထက် အသံပိုကျယ်လာတယ်၊ အဝေး ပစ်လို့ အသံက ကျယ်တာလား မသိဘူး။ ညနေ ၇ နာရီကနေစပြီး ည ၁၂ နာရီအထိ ဆက် တိုက်ပစ်နေတာ” ဟု နှစ်ကရင် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရေးမြို့နယ်၊ ရွာသစ်ကျေးရွာ အခြေစိုက် အမတ-၃၁၇ မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်များသည် အနန်းကွင်းကျေးရွာဘက်သို့ ကျရောက်ပေါက်ကွဲမှုရှိသလို အောက်တိုဘာ ၆ ရက်နေ့ ညနေပိုင်းအချိန်ကလည်း နှစ်ကရင်လမ်းဝပေါ်သို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာနှင့် အဆောက်အဦး ပျက်စီးခြင်း မရှိသော်လည်း ဒေသခံပြည်သူများ စိုးရိမ်ပူပင်မှု မြင့်တက်နေ ကြောင်း သိရသည်။

“အခု တော်တော်ကို အခက်အခဲဖြစ်နေကြတာပဲ ဒီဒေသကလူတွေက ရာဘာလုပ်ငန်း လုပ်ကိုင် ကြတာများတယ်၊ အဲဒီလို လက်နက်ကြီး အသံကြားရတာ များလာတော့ အလုပ်သမားတွေ လည်း အလုပ်မဆင်းရဲကြတော့ဘူး၊ အလုပ်သမားမရှိတော့ ရာဘာခြံပိုင်ရှင်တွေက အခက်အခဲ ဖြစ်သွားတာပေါ့” ဟု အထက်ပါ နှစ်ကရင်ဒေသခံက ဆက်ပြောသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်အတွင်း အခြေစိုက်သည့် စစ်ကောင်စီ တပ်ရင်း တို့သည် လူနေကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိသလို နေအိမ်နှင့် ရာဘာအပင်များလည်း မီးလောင်ပျက်စီးမှုရှိခဲ့ သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts