Homeသတင်းအနန်းကွင်းတိုက်ပွဲဖြစ်စဉ်အတွင်း ဖမ်းဆီးခံရသည့် လူငယ် ၃ ဦး တစ်လနီးပါးကြာသည်ထိ ပျောက်ဆုံးနေ

အနန်းကွင်းတိုက်ပွဲဖြစ်စဉ်အတွင်း ဖမ်းဆီးခံရသည့် လူငယ် ၃ ဦး တစ်လနီးပါးကြာသည်ထိ ပျောက်ဆုံးနေ

-

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျုဟာတပ်စခန်းနှင့် လွတ်ရှမ်းတပ်စခန်း တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံလူငယ် ၃ ဦး တစ်လနီးပါးကြာလာသည့်ထိ သတင်းအစအနမရပဲ ပျောက်ဆုံးနေသည်ဟု နီးစပ်သည့်မိသားဝင်နှင့် ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လလယ်ခန့်က တိုက်ပွဲပြင်းထန်နေသည့် အနန်းကွင်းနှင့် လွတ်ရှမ်းကျေးရွာဘက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့က လမ်းတွင် တွေ့သည့် ဖားပြကျေးရွာမှ လူငယ် အမျိုးသားနှစ်ဦးနှင့် ရက်ဖောကျေးရွာမှ လူငယ် အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ လူငယ် ၃ ဦးကို စစ်ကောင်စီစစ်ကြောင်းက မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိသလို လက်ရှိတွင်လည်း သေလား၊ ရှင်လား မသိသည့်အခြေအနေဖြစ်နေသည်ဟု မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“သူတို့ (စစ်ကောင်စီ) စစ်ကြောင်းထိုးလာတုန်းက လမ်းမှာ ဖမ်းသွားတာပါ။ လူသားဒိုင်းအဖြစ်ရော၊ ပစ္စည်းထမ်းခိုင်းတာရော၊ လမ်းပေးပြခိုင်းတာရော အဲလိုနဲ့ ဖမ်းခေါ်သွားတာ။ သူတို့က အသက် ၂၀ ဝန်းကျင် လူငယ်တွေပါ။ သူတို့ကို ဖမ်းလိုက်ပြီးကတည်းက အခုချိန်ထိ ဘာသတင်းအစနမှ မရဘူး။ သေလား၊ ရှင်လားလည်း မသိဘူး” ဟု ၎င်းက ပြောသည်။

လွတ်ရှမ်းတပ်စခန်းနှင့် အနန်းကွင်းဗျုဟာတပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် အပြစ်မဲ့ဒေသခံပြည်သူတို့ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ ဖမ်းဆီးနှိပ်စက်တာအပြင် သတ်ဖြတ်သည့်အထိ ကျုးလွန်နေသည်ဟုလည်း ဒေသခံတို့က ဆိုသည်။

ဖမ်းဆီးခံရပြီး သတင်းအစအန ပျောက်နေသည့် လူငယ် သုံးဦး၏ မိသားစုဝင်နှင့် နီးစပ်သည့် ဖားပြကျေးရွာခံတစ်ဦးက “ကလေး ၃ ယောက် ဖမ်းခံထိပြီး ပျောက်ဆုံးနေတာက ဟုတ်ပါတယ်။ အခု လွတ်ရှမ်းစခန်းကျသွားတော့ ကရင်ဘက်ရောက်သွားလား။ သေသွားလားဆိုတာကိုတော့ မသိရသေးဘူး” ဟု ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အနန်းကွင်းဗျုဟာတပ်စခန်းနှင့် လွတ်ရှမ်းတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယအပတ်အတွင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန်လာခဲ့သည်။

အနန်းကွင်းဗျုဟာတပ်စခန်းနှင့် လွတ်ရှမ်းတပ်စခန်းမကျရေးကို စစ်ကောင်စီဘက်က အင်အားသုံး ခုခံနေသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း အနန်းကွင်းဗျုဟာတပ်စခန်းနှင့် လွတ်ရှမ်းတပ်စခန်းကို စစ်ရေးအရှိန်မြှင့်ပြီး တိုက်ခိုက်လျက်ရှိသည်။

ထိုသို့ တိုက်ခိုက်လာခဲ့ရာမှ တစ်လနီးပါးအကြာ စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ လွတ်ရှမ်းတပ်စခန်းရှိ စစ်ကောင်စီတပ်တို့က စခန်းစွန့်ခွာထွက်ပြေးသည့်အတွင်း စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အပြီးပိုင်သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts