ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာတွင် စက်တင်ဘာလ ၉ ရက်နေ့ နံနက်အစောပိုင်းက စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံအရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
ယနေ့ နံနက် ၂ နာရီဝန်းကျင်အချိန်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ကျုံခဝန်ကျေးရွာထဲကို လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့ မနက် ၂ နာရီဝန်းကျင်မှာ ဗုံးကြဲချခံလိုက်ရတယ်။ ပေါင် ၅၀၀၊ ပေါင် ၃၀၀၊ ၂၀၀ ရော၊ ရော့ကတ် တွေနဲ့လည်း ပစ်ချခဲ့တယ်။ တိုက်ပွဲဖြစ်တာတွေတော့ မရှိဘူး။ လူကြီးတစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်။ ကလေးတစ်ယောက်လည်း ဒဏ်ရာရသွားခဲ့တယ်” ဟု ၎င်းဒေသခံက ပြောသည်။
လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အသက် ၆၀ နှစ်အရွယ် ဦးမောင်ပိန်က ပြင်းထန်ဒဏ်ရာရရှိပြီး၊ အသက် ၃ နှစ်အရွယ် မောင်ဝင်မင်းနိုင်လည်း ဦးခေါင်းတွင် ကျည်ရှထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်းထန်ဒဏ်ရာရသူကို ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရသည်ဟု မိသားစုဝင်တစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။
“လူကြီးက ညီမတို့ ယောက္ခထီးပဲ အခုဆေးရုံးမှာ။ လူကြီးကတော့ အမျိုးသားလိင်အင်္ဂါမှာ ထိသွားတယ်။ အသက်ရှင်ဖို့ ၃၀ ရာခိုင်နှုန်းပဲ ရှိတော့တယ်။ တူလေးကတော့ ခေါင်းနည်းနည်းထိသွားတယ်။ တူလေးကတော့ ဆေးရုံးကနေ ဆင်းလာပြီ။ အခုက ကျုံခဝန်ကလူတွေရော အဲအနီးအနားက ရွာတွေရော ပြေးကုန်ကြပြီ” ဟု အထက်ပါမိသားစုဝင်က ပြောသည်။
စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျုံခဝန်ကျေးရွာနှင့် အနီးနားတဝိုက်ရှိ တောင်ဒီး၊ ခလယ်-တံခွန်တိုင်၊ ဖားပြ စသည့် ကျေးရွာ ၅ ရွာထက်မနည်းက ရာနှင့်ချီသည့် ဒေသခံတို့က ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်မှုအောက်ရှိ ကျေးရွာတစ်ရွာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားသွားလာနေသည်။
စစ်ကောင်စီက နယ်မြေဆုံးရှုံးထားရမှုများသည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်နီဒေသတို့တွင် ယခုရက်ပိုင်းအတွင်း လေယာဉ် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာခဲ့သည်။
ယခုအခါ တောင်ပိုင်းဒေသတွင် စစ်ကောင်စီကို အပြင်းအထန်တိုက်ခိုက်နေသည့် ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေထဲကိုလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လူနေကျေးရွာထဲကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်လာခဲ့သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်နက်ကိုင်များ သိမ်းပိုက်နေရာယူထားသည့် မြို့၊ ရွာများတွင် သတင်းရရှိမှုအပေါ် မူတည်ပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် သတိပြုရန်လိုအပ်ကြောင်း စက်တင်ဘာ ၃ ရက်က တောင်ကြီးမြို့ရောက်စဉ် ပြောဆိုခဲ့ပြီးနောက် တိုင်းရင်းသားဒေသတို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာခဲ့သည်။




