မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ရှင်စောပုဈေးဝင်းအတွင်းရှိ "ယုဇန " အာမခံစိန်ရွှေရတနာဆိုင် ယနေ့(စက်တင်ဘာ ၃) ရက်နေ့ နံနက်ပိုင်းတွင် ရွှေထည်ပစ္စည်းများလုယူခံရပြီး ငွေကြေးတန်ဖိုးအားဖြင့်သိန်းထောင်ချီပါသွားသည်ဟု သိရသည်။
ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် "ယုဇန" ရွှေဆိုင်ပိုင်ရှင်မှ ဆိုင်ဖွင့်ရန်ပြင်ဆင်နေချိန် အမည်မသိလက်နက်ကိုင်အမျိုးသားလေးဦးတို့က ဆိုင်ကယ်နှစ်စီးဖြင့် အသင့်စောင့်နေပြီး ရွှေအလေးချိန် ၄၀ ကျပ်သားထည့်ထားသည့် ရွှေပုံးတစ်ပုံးကိုလုယက်ကာ သေနတ်ဖောက် ထွက်ပြေးသွားသည်ဟု လမိုင်းဒေသခံတစ်ဦးက ဆိုသည်။
“သူတို့လာတာက ဘယ်ချိန်ကတည်းကလာမှန်းကိုမသိတာ။ ဘေးနားကလူတွေပြောတာက အဲ့မှာထိုင်စောင့်နေတာတဲ့။ ဆိုင်ရှင်က ဆိုင်ဖွင့်ချိန်ရောက်တော့ ဆိုင်လာတယ်။ ကားကို လမ်းမှာထားတယ်။ ကားထဲကနေအထွက် ဆိုင်ထဲဝင်တယ်။ ဆိုင်ရောက်ပြီး ပစ္စည်းတွေချနေတဲ့အချိန် ဆိုင်မထွက်ခင်မှာ ဖြစ်သွားတာ။ ပုံးလိုက်ယူသွားတာ” ဟု လမိုင်းမြို့မှ အမျိုးသားဒေသခံတစ်ဦးက ဆိုသည်။
လုယက်ထွက်ပြေးသည့် အမျိုးသား ၄ ဦးအနက် ဆိုင်တွင်းဝင်လုသူ ၂ ဦးသည် ဆိုင်ကယ်ဦးထုပ်ဆောင်းကာ မိုးကာအင်္ကျီဝတ်ဆင်ထားသည်ဟု အနီးအနားရှိ CCTV မှတ်တမ်းအရ သိရသည်။
အဆိုပါ လုယက်ခံရသည့်ရွှေပုံးတွင် ခန့်မှန်းချေ ပလက်တီနမ်နှင့်ရွှေနားကပ် အရံ ၄၀၀-၅၀၀ ဝန်းကျင်ထည့်ထားပြီး တန်ဖိုးကျပ်သိန်းပေါင်းထောင်နှင့်ချီ ရှိနိုင်ကြောင်းလည်း ဆိုသည်။
လမိုင်းမြို့ရွှေဆိုင်လုယက်ခံရမှုဖြစ်စဉ် ဆက်လက်စုံစမ်းလျှက်ရှိပြီး နောက်ဆက်တွဲအကြောင်းအရာကိုလည်း IMNA မှ ဆက်လက်ဖော်ပြသွားမည်။
ပြီးခဲ့သည် ၂၀၂၃ ခုနှစ် ဇွန်လတွင် ရေးမြိုနယ်၊ ရန်ကြီးအောင်ရပ်ကွက် ဝင်းသုခရွှေဆိုင်ဈေးဝင်းအတွင်းရှိ “ ရွှေလဝန်း” ရွှေဆိုင်တွင်လည်း အမည်မသိအမျိုးသားနှစ်ဦး ဆိုင်ရှေ့ရောက်ရှိလာပြီး ရွှေပုံးလုယက်မှုဖြစ်ပွားခဲ့သေးသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရေးမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့်အတွက်ကြောင့် ခိုး၊ဆိုး၊လု၊နှိုက်မှုဖြစ်စဉ် မကြာခဏဖြစ်ပွါးနေသည့်အပြင် ယခုကဲ့သို့ သေနတ်ပြပြီး လုယက်သည့်ဖြစ်စဉ်လည်း မကြာခဏဖြစ်ပွားနေသည်ဟု ဒေသခံတို့က ဆိုသည်။
စုဆောင်းထားသည့်အချက်အလက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ရေးမြို့နယ်အတွင်း ရွှေဆိုင်လုယက်ခံရသည့်ဖြစ်စဉ် ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။