Homeသတင်းလျှပ်စစ်မီတာခများကို နှစ်ဆအထိ တိုးမြှင့်ကောက်ခံ

လျှပ်စစ်မီတာခများကို နှစ်ဆအထိ တိုးမြှင့်ကောက်ခံ

-

စစ်ကောင်စီ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနမှ လျှပ်စစ်မီတာခများကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး တိုးမြှင့်ကောက်ခံသွားမည်ဟု ယနေ့(သြဂုတ် ၃၀) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

လာမည့် စက်တင်ဘာ ၁ ရက်နေ့တွင် အိမ်သုံးအမျိုးအစားအတွက် ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်နှုန်း၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက် ၃၀၀ ကျပ်အထိ တိုးမြှင့်သွားမည်ဖြစ်ခြင်းကြောင့် ယခင်နှုန်းထားထက် နှစ်ဆမြင့်တက်သွားဟု သိရသည်။

ထို့အပြင် လုပ်ငန်းသုံးအမျိုးအစားများအတွက် ၁ ယူနစ်မှ ၅၀၀၀ ယူနစ် အထိ ၂၅၀ ကျပ်၊ ၅၀၀၁မှ ၂၀၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်နှုန်းနှင့်၂၀၀၀၁ ယူနစ်နှင့်အထက် ၅၀၀ ကျပ်အထိ တိုးမြှင့်လိုက်ခြင်းကြောင့် ၃ ဆနီးပါးအထိမြင့်တက်သွားသည်ဟု မော်လမြိုင်မြို့ခံတို့က ဆိုသည်။

မီတာခ တိုးမြှင့်ကောက်ခံသွားမည်ကို လက်ခံနိုင်သော်လည်း မီတာခကောက်ခံသည့်သူတို့အနေဖြင့် အသုံးပြုထားသည့် ယူနစ်တို့ကို အသေချာ တာဝန်ယူစိစစ်စေလိုကြောင်း မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်မှ ဒေသခံတစ်ဦးက ဆိုသည်။

"မီးကမလာဘူး မီတာခတက်နေတာတွေ ကြုံရတာရှိတယ်၊ မီတာခကောက်သမားတွေကို မေးတော့လည်း ရုံးကိုသွားမေးလို့ပဲပြောတယ်၊ မီးကလည်းသေချာမပေး မီတာခက တက်နေတာတွေရှိတော့၊ အသေအချာ လုပ်စေချင်တယ်" ဟု ဆိုသည်။

မွန်ပြည်နယ်အတွင်း လျှပ်စစ်ဓါတ်အား ရရှိမှုအများဆုံးဖြစ်သည့် မော်လမြိုင်မြို့ပေါ်တွင် လက်ရှိအချိန်အထိ လျှပ်စစ်မီး အချိန်ပိုင်းသာရနေပြီး ၅ နာရီဝန်းကျင်ခန့်သာ ရနေသည်ဟု ဆိုသည်။

ထို့အပြင် လျှပ်စစ်မီတာနှုန်းခ မြင့်လာလာသည်နှင့်တကွ ကုန်ထုတ်ပစ္စည်းများလည်း ဈေးမြင့်လာနိုင်ပြီး အခြေခံလူတန်းစားများအတွက် အကြပ်အတည်းများစွာ ဖြစ်လာစေမည်ဟုလည်း မော်လမြိုင်မြို့မှ ပရဟိတလုပ်ငန်းလုပ်နေသူတစ်ဦးက ဆိုသည်။

“လျှပ်စစ်မီးဆိုတာက မဖြစ်မနေသုံစွဲနေရတဲ့အရာလေ။ ကိုယ့်နိုင်ငံမှာက အခြေခံလူတန်းစားတွေက များခါကြတော့ မီးတာခတွေ ‌ဈေးမြင့်တယ်၊ ဈေးမြင့်လည်းမဖြစ်မနေသုံးစွဲရမှာပဲလေ မသုံးလို့မှမရတာ။ လျှပ်စစ်မီးမရှိဘာမှလုပ်လို့မရတဲ့ အနေအထားလေးဆိုတော့။ အရင်ကထက်စာရင် နှစ်ဆနီးပါးလောက်တက်သွားတာဆိုတော့ တစ်လကို ၃ သောင်းပေးနေရတာကနေ အခု တစ်လကို ၆ သောင်းလောက်ဆောင်ရတော့မယ်။ ကုန်‌ဈေးနှုန်းတွေကလဲတက်လာမယ် ပြည်သူလူထုရဲ့အခြေခံဝင်ငွေတွေက မတက်ဘူး။ အရင်ကထက်စာရင် ပိုကြပ်တည်းသွားတယ်”ဟု ဆိုသည်။

စစ်ကောင်စီမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုစရိတ်များ နှစ်အလိုက်မြင့်မားလာခြင်းကြောင့် ဓါတ်အားခနှုန်းထားများကို တိုးမြှင့်ကောက်ခံလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယခင် အိမ်သုံးလျှပ်စစ်မီတာခများသည် ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၃၅ ကျပ်ဖြစ်ပြီး လုပ်ငန်းသုံးမျိုအစားအတွက် ၁ ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်နှုန်းဖြင့် ကောက်ခံထားသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts