Homeသတင်းရေးတွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရ

ရေးတွင် စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာတွင် ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ နေ့လည်ခန့်က စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု မော့ကနင်ဒေသခံတို့ထံမှ သိရသည်။

ယနေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က မော့ကနင်ကျေးရွာရှိ စစ်ကောင်စီအမြှောက်တပ် ၃၁၇ မှ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် လိမ္မော်ခြံကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၈ နှစ်အရွယ် ရွာခံ အမျိုးသားတစ်ဦး ရင်ဘတ်နှင့် ခြေထောက်တွင် ကျည်စထိမှန်ဒဏ်ရာရသွားခဲ့သည်။

“အဲ့ဒီလိမ္မော်ခြံရှေ့က ရွာမှာ စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေတော့ သူ(ဒဏ်ရာရအမျိုးသား)က သူများအိမ်မှာရှိနေတာ အဲအိမ်ကနေ သူ့အိမ်ကိုပြေးပြန်လာတာ အဲချိန်မှာ လက်နက်ကြီးကျလို့ ထိသွားတာ” ဟု မော့ကနင်ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိသွားသည့် အမျိုးသားကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က လမိုင်းဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ကလည်း မော့ကနင်ကျေးရွာရှိ စစ်ကောင်စီအမြှောက်တပ် ၃၁၇ မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ခြံခုတ်နေသည့် အသက် ၅၆ အရွယ်ရှိ အမျိုးသားတစ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီ အမြှောက်တပ် ၃၁၇ မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကုန်းပေါ်ရွာမှ အသက် ၄၈ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးလည်း ကျည်စထိမှန်ဒဏ်ရာရခဲ့သည်။

မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီ အမြှောက်တပ် ၃၁၇ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ပြီး စခန်းသိမ်းသွားမည်ကို စိုးရိမ်သည့်အတွက် စစ်ကောင်စီတပ်တို့က နေ့စဉ် လက်နက်ကြီးဖြင့် ခြောက်လှန့်ပစ်ခတ်နေသည်ဟုလည်း ဒေသခံတို့က ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts