Homeသတင်းပဲခူးမြို့ရေကြီးမှုကြောင့် ကျေးရွာ (၂၀)ရွာခန့်က ရေဘေးသင့်သူတို့ကို ကယ်ဆယ်ရေးစခန်းသို့ပြောင်းရွှေ့ထားရ

ပဲခူးမြို့ရေကြီးမှုကြောင့် ကျေးရွာ (၂၀)ရွာခန့်က ရေဘေးသင့်သူတို့ကို ကယ်ဆယ်ရေးစခန်းသို့ပြောင်းရွှေ့ထားရ

-

ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးမြစ်ရေစိုးရိမ်ရေအမှတ်ထက် မြင့်တက်နေသဖြင့် ပဲခူးမြို့ပတ်လည်ရှိကျေးရွာ ၂၀ ထက်မနည်းမှ ရေဘေးသင့်သူတို့ကို ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ထားရသည်ဟု မြို့ခံရေဘေးကူညီကယ်ဆယ်သူတို့မှ သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းကာ ရေကြီးရေလျှံမှုကြောင့် ပြီးခဲ့သည့်ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ ပဲခူးမြို့အတွင်း ယာယီကယ်ဆယ်ရေးစခန်း ၁၀ ခုထက်မနည်းဖွင့်လှစ်ထားပြီး၊ စခန်းတစ်ခုလျှင် ရေဘေးသင့်ပြည်သူ ၅၀၀ နှင့်အထက် ထားရှိထားသည်ဟု သိရသည်။

ယနေ့ဇူလိုင် ၂၉ အထိ ပဲခူးမြစ်ရေ ဆက်လက်တိုးလာနေသဖြင့် သနပ်ပင်မြို့နယ်အပါအဝင် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ကလိ၊ တပ်ကလေး၊ ရွာသစ်၊ ဈေးကြီး၊ ဇိုင်းတောင်၊ ပုဏ္ဏစုစသည့်ရပ်ကွက်မှ ထောင်နှင့်ချီသည့်ဒေသခံပြည်သူများ ထပ်မံ ပြောင်းရွှေ့နေရကြောင်း ပဲခူးမြို့မွန်စုရပ်ကွက်ရှိ ရေဘေးကူညီကယ်ဆယ်နေသူတစ်ဦးက ဆိုသည်။

“ပဲခူးမြို့ပတ်ပတ်လည်ပေါ့ ရွာ ၂၀ ကျော်ရေကြီးနေတာ ၃ ရက်ရှိနေပြီး၊ မနေ့ညက အနောက်ရွှေတံတား ကယ်ဆယ်ရေးစခန်းရေဝင်တော့ ထပ်ပြောင်းလိုက်ရတယ်။ ကယ်ဆယ်ရေးသမားတွေကများပေမဲ့ အလှူရှင် တွေကမရှိသလောက်နည်းနေတယ်။ ကယ်ဆယ်ရေးစခန်း ၁၀ ခုကျော်ဖွင့်လှစ်ထားတဲ့အထဲမှာ လူဦးရေ ၅၀၀ အထက်ထားထားတယ်။ နီးစပ်ရာပေါ့ဘုန်းကြီးကျောင်းမှာနေနေတာများတယ် ” ဟု ၎င်းကဆိုသည်။

ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့တွင် အခြေခံစားသောက်ကုန် ဈေးနှုန်းအဆမတန်မြင့်တက်မှုကြောင့် အစားသောက်ပေးဝေကြသည့် အလှူရှင်နည်းပါးသဖြင့် စားနပ်ရိက္ခာနှင့်အခက်ခဲဖြစ်နေသည်ဟုလည်း ပဲခူးမြို့ခံ ေရေဘးကူညီကယ်ဆယ်သူတစ်ဦးက ဆိုသည်။

“အခုကရေထပ်တက်နေတုန်းပေါ့။မနေ့ညကဆို ၃ပေလောက်ထပ်တိုးလာနေတယ်။ ကယ်ဆယ်မရဘဲ ရေဝိုင်းထားတဲ့နေရာမှာရှိတဲ့ ကျန်နေသူတွေရှိသေးတယ်။ ဟိုဘက်ဆို ထမင်းဝေတဲ့သူတွေသိပ်မရောက်ဘူး။ ကယ်ဆယ်ရေးစခန်းမှာက အလှူရှင်တွေထမင်းလာပို့တယ် ”ဟု ပြောသည်။

ပဲခူးမြို့ရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်မြို့ခံများမှ ကူညီကယ်ဆယ်မှု ဆက်တိုက်လုပ်ဆောင်နေကြသော်လည်း လမ်းလှမ်းမမှီသည့် နေရာများရှိနေသေးကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် ပဲခူး-ရန်ကုန်ကားလမ်းပိုင်းတွင်အသွားအလာပိတ်ထားရသည့်အပြင် မီးရထားလမ်းပိုင်းတွင်လည်း ရေကျော်နေသည့်အတွက် ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်များကိုလယနေ့ ဇူလိုင် ၂၉ ရက်နေ့တွင် ခရီးစဉ်ယာယီဖျက်ထားရကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပဲခူးမြို့သည် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး ရေဘေးကြုံတွေ့ခဲ့ရပြီး ယခုနှစ်တွင်လည်း အလားတူဖြစ်ရပ်မျိုးနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

မိုးလေဝဿနှင့် ဇလဗေဒမှ ထုတ်ပြန်ချက်အရ ပဲခူးတိုင်း၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီ်းတို့တွင် နောက် ၄ ရက်အထိ မိုးဆက်လက်ရွာနိုင်သည်ဟု ခန့်မှန်းထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts