Homeသတင်းကရင်ပြည်နယ် ရေကြီးရေလျှံမှုကြောင့် ကလေးအပါအဝင် လူ ၅ ဦးထက်မနည်းသေဆုံးပြီး ပျောက်ဆုံးသူတို့ရှိနေ

ကရင်ပြည်နယ် ရေကြီးရေလျှံမှုကြောင့် ကလေးအပါအဝင် လူ ၅ ဦးထက်မနည်းသေဆုံးပြီး ပျောက်ဆုံးသူတို့ရှိနေ

-

ကရင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ရေကြီးမှုဖြစ်စဉ်အတွင်း ကလေးအပါအဝင် လူ ၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ပျောက်ဆုံးသူတို့လည်းရှိနေသည်ဟု ရေဘေးကူညီကယ်ဆယ်ရေးအဖွဲ့တို့မှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ နှင့်၂၇ ရက်နေ့တွင် ရေကြီးရေလျှံမှုကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အသက် ၃ နှစ်သားအရွယ်ရှိသည့် ကလေးငယ်တစ်ဦးနှင့် အသက် ၅၀ ဝန်းကျင်အရွယ်ရှိသည့် သက်ကြီးပိုင်း အမျိုးသား ၃ ဦးတို့ ရေစီးနှင့်အတူမျောပါကာ ရေနစ်သေဆုံးခဲ့ရသည်ဟု မြဝတီမြို့အရေးပေါ် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ကလေး ၁ ယောက်နဲ့ လူကြီး ၃ ယောက်ဆုံးသွားတယ်။ ဆုံးသွားတာပဲ အတည်ပြုပြီးတာပေါ့နော်။ သူတို့ရပ်ကွက်တို့ နာမည်တို့တော့ ကျွန်တော်တို့ အတိအကျမသိသေးဘူး။ စုံစမ်းနေတုန်းမို့လေ” ဟု သူက ဆိုသည်။

၎င်းအပြင် ယနေ့အထိ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ဘားအံမြို့တွင် သက်ကြီးပိုင်းအမျိုးသား တစ်ဦးလည်း ရေနစ်သေဆုံးသွားခဲ့သေးသည်ဟု ဘားအံမြို့အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

“ဒီမှာက တစ်ဦးပဲ။ အရက်မူးပြီးတော့ ရေနစ်ပြီးသေသွားတာ။ ဘယ်နှနှစ်လဲဆိုတာတော့ မပြောတတ်ဘူး။ ကျွန်တော်တို့ကယ်ဆယ်ရေးဝင်တဲအပိုင်းမဟုတ်လို့လေ။ လူကြီးပိုင်းလောက်ပဲ။ရပ်ကွက်က အမှတ် ၂ တို့ အမှတ် ၁ ကပဲ ဖြစ်လိမ့်မယ်။ အခြားတော့ ကျွန်တော်တို့လည်း အသေအချာမသိရသေးဘူး” ဟု ဘားအံ မြို့ခံရေဘေး ကူညီကယ်ဆယ်နေသူတစ်ဦးက ဆိုသည်။

ယမန်နေ့ဇူလိုင် ၂၈ ရက်နေ့ညနေပိုင်းတွင် ဘားအံမြို့ပေါ်မှ အသက် ၄၀ ကျော်အမျိုးသားတစ်ဦး ပျောက်ဆုံးနေပြီး ရေဘေးကူညီကယ်ဆယ်နေသည့်အဖွဲ့တို့မှ ဆက်လက်ရှာဖွေနေဆဲဖြစ်သည်ဟု သိရသည်။

ယနေ့တွင် မြဝတီမြို့နယ်အတွင်း ရေပြန်လည်ကျဆင်းသွားသော်လည်း ဘာအံမြို့ရှိ ရပ်ကွက် (၉) ခုစလုံး၌ ရေဝင်နစ်မြုပ်လျက်ရှိ‌ခြင်းကြောင့် ဒေသခံ ၇၀၀၀ ကျော် ရေဘေးသင့်နေပြီး ဖွင့်လှစ်ထားသည့် နီးစပ်ရာ ရေဘေးကူညီကယ်ဆယ်ရေးစခန်း (၂၀) ခုတို့တွင် ရွှေ့ပြောင်း နေထိုင်ကြရသည်ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လတတိယအပတ်မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မြို့နယ် ၉ ခုထက်မနည်း ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ဟုလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts