spot_img
Thursday, January 22, 2026
More
    spot_img
    Homeသတင်းနိုင်ငံခြားငွေလဲနှုန်း အတက်ဘက်ရောက်နေ

    နိုင်ငံခြားငွေလဲနှုန်း အတက်ဘက်ရောက်နေ

    -

    မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်ငွေ၊ တရုတ် ယွမ် အပါအဝင် နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်ဘက်ရောက်နေပြီး ယနေ့ မေလ ၂၉ ရက်နေ့ ညနေပိုင်းအထိ စံချိန်တင် မြင့်တက်လျက်ရှိကြောင်း သိရသည်။

    မေလ ၂၅ ရက်မတိုင်ခင်က ငွေလဲနှုန်းထားအချို့ စျေးကျခဲ့သော်လည်း ၂၅ ရက်နေ့နောက်ပိုင်းတွင် ငွေစျေးတရိပ်ရိပ်တက်လာခဲ့ပြီး မေလ ၂၇၊ ၂၈ ရက်နေ့တွင် ငွေစျေးတက်နှုန်းပိုမြင့်ခဲ့ကြောင်း ငွေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

    မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာကျပ်ငွေ တစ်သိန်း ထိုင်းဘတ်ငွေ ၈၆၅ ဘတ်ခန့်ဖြင့် လဲလှယ်နိုင်သော်လည်း ညနေပိုင်းတွင် ၈၁၅ ဘတ်အထိ စျေးကျသွားခဲ့ကြောင်း ယနေ့ မေလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျပ်ငွေတစ်သိန်းလျှင် ဘတ် ၇၉၅ အထိ စျေးကျသွားခဲ့သည်။

    “မနေ့ကဆို တနေ့ထဲ ၅၀ လောက်ပြုတ်ကျသွားတာ။ ဒါက တော်တော်များတယ်လို့ပြောလို့ရတယ်။ အရင်ကလည်း မကျဘူးမဟုတ်ဘူး။ ကျတယ်။ ပုံမှန်လေးပေါ့ တစ်နေ့ကို ၂ ကျပ် ၃ ကျပ် အဲဒီလိုလေးပေါ့။ အခုက ၅၀ လောက်ဒုံးဆိုကျသွားတော့ ငွေလဲတာရပ်လိုက်ရတယ်။ လက်ကြီးသမားတွေဖြစ်တဲ့ ကျွန်မတို့က ပိုသတိထားရတယ်။ ရှုံးရင် သောင်းနဲ့ သိန်းနဲ့ချီပြီးရှုံးနိုင်တယ်။ လကုန်ရက်ပိုင်းဆိုတော့ ငွေမငြိမ်တာဖြစ်တတ်ပေမယ့် စောင့်တော့ကြည့်ရဦးမယ်” ဟု ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

    ယနေ့ စျေးကွက်အတွင်းပေါက်စျေးများအရ အမေရိကန် တစ်ဒေါ်လာလျှင် ရောင်းစျေး ၄၃၂၅ ကျပ်၊ ဝယ်စျေး ၄၄၀၀ ကျပ်၊ ထိုင်းဘတ် တစ်ဘတ်လျှင် ရောင်းစျေး ၁၂၅ ကျပ်၊ ဝယ်စျေး ၁၂၈ ကျပ်အထိ ပေါက်စျေးရှိနေသည်။

    အထက်ပါငွေလဲနှုန်းများသည် ငွေလဲလုပ်ငန်းတစ်ခုနှင့် တစ်ခု မတူညီသောနှုန်းထားများဖြစ်သော်လည်း အနီးစပ်ဆုံး တူညီသောစျေးနှုန်းများဖြစ်သည်။

    နိုင်ငံခြားငွေစျေးအပြင် ရွှေစျေးနှုန်းလည်းတက်လာပြီး မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် အခေါက်ရွှေရောင်းချမှု ရပ်နားထားရကြောင်း ရွှေစျေးကွက်မှ သိရသည်။

    နိုင်ငံခြားငွေစျေးနှင့် ရွှေစျေးများ စံချိန်တင်မြင့်တက်လာသော်လည်း လက်ရှိစီမံခန့်ခွဲနေသူများမှ အဆိုပါအခြေအနေကို မထိန်းချုပ်နိုင်မှုအပေါ် ဝေဖန်ခံနေရသည်။

    “ငွေစျေးတက်ရတာက ကျွန်တော့်အမြင်ပေါ့နော် ကွန်ဒိုဝယ်တာတွေ၊ နိုင်ငံကနေ စွန့်ခွာတာတွေများလာတဲ့အခါမှာ ဒီဘတ်ငွေဝယ်လိုအားပေါ့။ ဘတ်ကို သန်းထောင်နဲ့ချီပြီး ဝယ်နေရတဲ့အခါမှာ မြန်မာငွေစျေးက တအားကျလာတယ်လို့ ယူဆပါတယ်။ နောက်ပြီး နယ်စပ်ကုန်သွယ်ရေးတွေကလည်း တိုက်ပွဲတွေကြောင့် ခက်ခဲလာတာတွေလည်း ပါမယ်လို့ထင်ပါတယ်။ အတိအကျကိုတော့ဘယ်သူ သိနိုင်မလဲ ဒီလိုပဲခန့်မှန်းကြရတာပါ” ဟု ငွေစျေးစောင့်ကြည့်သူတစ်ဦး သုံးသပ်သည်။

    လက်ရှိတွင် စစ်ကောင်စီမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကွန်ဒိုဝယ်ယူထားသူများကို လိုက်လံရှာဖွေကာ ဖမ်းဆီးစစ်ဆေးမှုများရှိနေကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

    ယခုနှစ် ပထမသုံးလပတ်အတွင်း ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူမှုစာရင်းတွင် မြန်မာနိုင်ငံက ဒုတိယအများဆုံးနေရာတွင်ရှိနေကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts