Homeသတင်းမိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားနေရာ ကားများ ဖြတ်သန်းသွားလာနိုင်ပြီ

မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားနေရာ ကားများ ဖြတ်သန်းသွားလာနိုင်ပြီ

-

မွန်ပြည်နယ်၊ ဘီးလင်းနှင့် သထုံမြို့နယ်ကြား မိုင်းခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားနေရာတွင် ယနေ့ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းကစပြီး ကားများ ဖြတ်သန်းသွားနိုင်ပြီးဖြစ်ကြောင်း ဒေသခံနှင့် ကားသမားတို့ထံမှ သိရသည်။

မိုင်းခွဲခံရသည့် ကျုံအိတ်တံတားကို ဘေလီတံတားထိုးရန် သက်ဆိုင်ရာက မေလ ၂၃ ရက်နေ့မှစပြီး ဆောင်ရွက်ခဲ့ရာ မေလ ၂၈ ရက်နေ့တွင် ဘေလီတံတားထိုးသည့်လုပ်ငန်း ပြီးစီးသွားခဲ့ရာ ညနေပိုင်းခန့်တွင် ကားငယ်များ စတင်ဖြတ်သန်းခွင့်ပြုခဲ့သည်။

ယနေ့ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းမှာတော့ ကုန်တင်ကားများ၊ ခရီးသည်တင်မှန်လုံကားများပါ ဖြတ်သန်းခွင့်ပေးနေသည်ဟု ကားသမားတို့က ပြောသည်။

“ဒီမနက်ကစပြီး ကားတွေ အကုန်လုံးကို ဖြတ်ခွင့်ပေးနေတယ်။ ဒါပေမယ့် စောင့်နေတဲ့ကားတွေကလည်း များ၊ အလှည့်နဲ့ ဖြတ်နေရတယ်ဆိုတော့ အချိန်တော့ နဲနဲကြာကြာ စောင့်ရတယ်။ ကားတန်းတွေကလည်း ဟိုဖက် ဒီဖက် နည်းတာမဟုတ်ဘူး စောင့်နေကြတယ်လေ” ဟု ကုန်တင်ကားသမားတစ်ဦးက ပြောသည်။

ဘီးလင်းနှင့် သထုံမြို့နယ်ကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားသည် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ နံနက်စောပိုင်းက မိုင်းခွဲဖျက်ဆီးခံရသည်။

ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးနောက် ကားများ ကျေးရွာချင်းဆက်လမ်းမှတဆင့် ဖြတ်သန်းသွားလာခဲ့ကြသည့်အပြင် တံတားအနီးတွင် မြေသားလမ်းဖော်ပြီး ဖြတ်သန်းသွားလာနေကြရသည့်အတွက် ကားလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

ကျုံအိတ်တံတားသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း ပထမကြိမ် မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး ယခု ဒုတိယအကြိမ် ထပ်မံမိုင်းခွဲဖျက်ဆီးခံရခြင်းဖြစ်သည်။

ကျုံအိတ်တံတားအပြင် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ နောက်ထပ်တံတားတစ်စင်းဖြစ်သည့် မစောတံတားလည်း မေလ ၂၃ ရက်နေ့ နံနက်အစောပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်။

မိုင်းခွဲခံရသည့် မစောတံတားကိုလည်း ပြင်လည်ပြင်ဆင်ရန် စစ်ကောင်စီဘက်က ဆောင်ရွက်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts