ကျိုက်မရောဒေသအတွင်း နေရပ်ပြန်လာသည့် စစ်ဘေးရှောင်နေအိမ်တို့တွင် ပစ္စည်းတစ်စုံတစ်ရာ မကျန်သည်အထိ ဖောက်ထွင်းခံထားရသည်ဟု ဒေသခံတို့မှ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဓါတ်ပုံနှင့်တကွ ဖော်ပြထားသည်။
ဓမ္မသ၊ ကော့စွယ်၊ ကော့သပ်၊ တရနာ သံကလောင် ကျွန်းကုန်းပိုင်းရွာအပါအဝင် ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ပလိုင်ရွာတို့တွင် တန်ဖိုးကြီး ဆိုင်ကယ်အပြင်၊ မီးခံသေတ္တာ၊ နေအိမ်အသုံးအဆောင်ပစ္စည်းနှင့် ပရိဘောဂတို့ကို ကားဖြင့်သယ်ဆောင်သွားသည်ဟု နေရပ်ပြန်လာသည့် ကျိုက်မရောဒေသခံတစ်ဦးက ဆိုသည်။
“စတီးချိုင့်တွေအိမ်အသုံးပစ္စည်းတွေ မီးစက်တွေရော၊ မီးခံသေတ္တာဆိုလည်းဖောက်ထား အိမ်တံခါးကို သေနတ်နဲ့ပစ်ပြီးဖျက်ဆီးထားတာ၊ သူတို့ဇနီးပါခေါ်သွားပြီး သွားယူတယ်။ တစ်ရက်တစ်ရက် ကားဆယ်စီးစာမကဘူး သယ်နေတာ ပိတ်ထားတဲ့အိမ်ကိုဖောက်ပြီး ဆိုင်ကယ်တွေ ယူထုတ်တယ် ”ဟု ဆိုသည်။
စစ်မျက်နှာပြင်ဖြစ်ခဲ့သည့် ဓမ္မသတ်နှင့် တရာနာရွာတို့တွင် နေအိမ်အများဆုံးဖောက်ထွင်းခံထားရပြီး ဒေသခံတို့ကိုယ်တိုင်မြင်တွေ့သော်လည်း မပြောဆိုရဲကြောင်း ၎င်းကဆက်ပြောသည်။
၎င်းအပြင် ယူဆောင်သွားသည့် တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းများနှင့် ဆိုင်ကယ်များကို မော်လမြိုင်မြို့ ရခိုင်ကုန်ဈေးနှင့် ဘားအံမြို့ ဇာသပြင်ဘက်တွင်လည်း ပြန်လည်ရောင်းချ နေသည်ဟု စစ်ဘေးရှောင်အရေး ကူညီပေးသူတစ်ဦးက ဆိုသည်။
“ရခိုင်ကုန်ဈေးဘက်မှာ စတီးချိုင့်တွေကိုပြန်ရောင်းနေတယ်။ ဇာသပြင်ဘက်တွေဆိုလည်း စစ်မိသားစုဝင်တွေဆီ ဈေးပေါပေါနဲ့ရောင်းချနေတယ်။ ဒီကနေရလာတာ မနည်းမနောပဲလေ" ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ကော့ပလိုင်ရွာတွင် စစ်ဘေးရှောင်ဒေသခံများ ကျေးရွာဘုန်းကြီးကျောင်းတွင် သိမ်းဆည်းထားသည့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်သားတို့က ၁၃စီးနီးပါး ကားဖြင့်သယ်ယူသွားကြောင်း ကော့ပလိုင်ရွာခံတို့က ဆိုသည်။
လက်ရှိ ဓမ္မသကျေးရွာအနီးဝန်းကျင်ရှိကျေးရွာတို့သည် တည်ငြိမ်အေးချမ်းနေပြီးဖြစ်သည့်အတွက် စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ပြီးဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တို့က ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။
သို့သော်လည်း ရွာနှင့် လမ်းကြိုလမ်းကြားနေရာတို့တွင် နေရာယူထားသည့် စစ်ကောင်စီတပ်တို့ ထွက်ခွာခြင်းမရှိသေးသည့်အတွက် ဒေသခံအားလုံးနေရပ်မပြန်နိုင်သေးကြောင်း ဆက်လက်ဆိုသည်။




