spot_img
Saturday, May 4, 2024
More
    spot_img
    Homeသတင်း“ဒီတိုင်းပြည်ကို ဒီလိုပဲ အာဏာသိမ်း အုပ်ချုပ်လာတာပဲ။ ဒီတစ်ခါတော့ အဆိုးဆုံး၊ ပရမ်းပတာအနိုင်ဆုံးလို့ ပြောလို့ရတယ်” မွန်ပြည်နယ်တောင်ပိုင်းက စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

    “ဒီတိုင်းပြည်ကို ဒီလိုပဲ အာဏာသိမ်း အုပ်ချုပ်လာတာပဲ။ ဒီတစ်ခါတော့ အဆိုးဆုံး၊ ပရမ်းပတာအနိုင်ဆုံးလို့ ပြောလို့ရတယ်” မွန်ပြည်နယ်တောင်ပိုင်းက စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

    -

    မေး – လက်ရှိ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယား အခြေအနေက ဘယ်လိုရှိလဲ။

    ဖြေ – အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေး ယန္တယားက အရင်လို အားကောင်းမောင်းသန် လည်ပတ်နေတာ မရှိဘူးပေါ့နော်။ အချို့အရာတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးလောက်ပဲ အဆင်ပြေအောင်ပဲ လည်ပတ်နေတဲ့ သဘောရှိတယ်။ ကျန်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအပိုင်းမှာကျတော့ တော်တော်လေးကို ပျက်ယွင်းသွားတဲ့ သဘောရှိတယ်။

    မေး – အုပ်ချုပ်ရေးယန္တယားက ဘယ်လောက်ထိ ပျက်ယွင်းသွားတယ်လို့ မြင်လဲ။

    ဖြေ –  ရာခိုင်နှုန်းအားဖြင့် ပြောရမယ်ဆိုရင် ၇၀ ရာခိုင်နှုန်းအထိ ပျက်ယွင်းသွားတဲ့ သဘောရှိ တယ်။ နေ့ခင်း ကြောင်တောင်ကြီး မြို့၊ ရွာထဲမှာ လူနေအိမ်တွေ မိုးထားတဲ့ ခေါင်းမိုး သွပ်ပြားကို ခိုးတဲ့အဆင့်ထိ ရောက်သွားတယ်။ နောက်ပြီးတော့ ဆောက်လက်စ တိုက်အိမ်၊ လူမနေတဲ့ တိုက် အိမ်တွေကို  ထုဖြိုပြီး အထဲကသံတွေရောင်းတဲ့ အဆင့်ထိပေါ့နော်၊ ဒါတော့ နယ်ဘက်မှာ ဖြစ် တာပေါ့။ မြို့ကြီးထဲမှာဆို မြို့လယ်ခေါင်မှာ လုယက်မှုဖြစ်တယ်။ လူသတ်မှုဖြစ်တယ်။ အများပြားမဖော်ပြနိုင်တဲ့ ကိစ္စ၊ နောက်ပြီး အွန်လိုင်းကနေ ခြိမ်းခြောက် တယ်၊ ငွေတောင်းတယ်၊ အမျိုးအမျိုးလုယက်ခြိမ်းခြောက်တာပေါ့နော်။ ပြည်သူတွေ လူမူဘဝ မလုံခြုံမှုတွေ စိုးရိမ်းစိတ် တွေ မြင်နေရတယ်။ သူတို့ (စစ်ကောင်စီ) ကိုယ်တိုင်လည်း မလုံခြုံ၊ ပြည်သူဘက်လည်း မလုံခြုံ၊ အုပ်ချုပ်ရေးယန္တယားကလည်း ကောင်းကောင်းမွန်မွန် မလည်ပတ်နိုင် ဆိုးဆိုးဝါးဝါးကြီးကို ဖြစ်သွားတယ်လို့ ပြောလို့ရတယ်။

    အရင်ကဆို လမ်းပြင်တာတို့ ရေမြောင်းဖော်တာတို့ စည်ပင်သာယာရေးကော်မတီ လမ်းပန် ဆက်သွယ်ရေးဌာနကလည်း အရင်က အလုပ်လုပ်တယ်။ အခုက ဟန်ပြလောက်ပဲ ဖြစ်ကုန်ပြီ၊ လမ်းပျက်ရင်လည်း ပျက်တဲ့အတိုင်းပေါ့နော်။ စည်ပင်ဆိုလည်း သိပ်မလုပ်ရှားနိုင်တော့ဘူး။ အစစအရာရာ ယိုးယွင်းပျက်စီးသွားတယ်။ လက်ရှိ မွန်ပြည်နယ်တောင်းပိုင်မှာ ဖြစ်နေတယ်။

    အုပ်ချုပ်ရေးမှုးတောင်မှလည်း  ဖြေရှင်းပေးလို့ တစ်ချို့ကိစ္စတွေရဲ့ အနောက်မှာ လုံခြုံရေး ပေမယ့် လူမရှိရင် အုပ်ချုပ်ရေးမှုးတွေလည်း မသွားရဲဘူး။ ညရေး ညတာ ပြဿနာဖြစ်မယ်ဆိုရင် အုပ်ချုပ်ရေးမှုးကိုယ်တိုင်ကလည်း လုံခြုံရေး မပေးနိုင်တဲ့အတွက် သူလည်း မသွားရဲ မလာရဲဘူး။ တချို့ကိစ္စတွေက မာမာထန်းထန်း ဖြေရှင်းပေးရတဲ့ အခါလည်းရှိတယ်။ ဒီကာလမှာက ကိုယ်က အမှန်တရားဘက်လိုက်ပြီး ဖြေရှင်းလည်း ရူံးသွားတဲ့ဘက်က တော်လှန်ရေးအဖွဲ့တွေကို  မဟုတ်တာတွေ သတင်းပို့မယ်။ အဲဒီလိုလုပ်မယ်ဆို သူတို့ရဲ့အသက်အိုးအိမ် စည်စိမ်း စိုးရိမ်ရ တာပေါ့။ တချို့ကိစ္စတွေက ဒီအတိုင်းပဲ လက်ပိုက်ကြည့်လိုက်တဲ့အခါလည်း ရှိတာပေါ့။ အဲဒီလိုမျိုးတွေ တော်တော်များများ ရှိတယ်။

    မူးယစ်ဆေးဝါးလည်း များလာတယ်။ ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းကဆို အကြောင်းမဟုတ်ဘူး။ တချို့ တစ်နေ့လုပ်တစ်နေ့စားတွေက မူးယစ်ဆေးစွဲသူတွေက ခိုးတယ်၊ လမ်းမီးကလည်း ၁၁ နာရီလောက် ပျက်တယ်ဆိုတော့ လမ်းမီးကြိုးတွေ ခိုးတယ်။ နေအိမ်နဲ့ မီတာပုံးနဲ့ ဆက်သွယ် ထားတဲ့ ဆာဗစ်ကြိုးတွေ ခိုးတယ်။ အဲဒါတွေကိုရောင်းတယ်၊ သူခိုးလက်ခံလုပ်နေတဲ့ အဖွဲ့လည်း ရှိတယ်။ အဓိက တရားဥပဒေပျက်ယွင်းတာပေါ့။ ဘယ်လိုမှ အရင်လို မဖြစ်တော့ဘူး။ ဒီအာဏာ သိမ်းပြီးနောက်ပိုင်း ၂၀၂၃ – ၂၀၂၄ ခုနှစ်တွေမှာ အဆိုးဆုံး ပျက်ယွင်းမှုကာလလို့ ပြောလို့ရတယ်။

    မေး – နောက်တော့ မုဒိမ်းမှု၊ လူသတ်မှုတို့ဖြစ်လာရင် ဘယ်လိုဖြေရှင်းပေးနေကြတာရှိလဲ။

    ဖြေ – တရားစီရင်ရေးက အထိုက်လျောက်ရှိပါတယ်။ သို့ပေမဲ့လည်း နိုင်ငံရေးမဟုတ်တဲ့ တခြားပုဒ်မနဲ့ ပတ်သက်ပြီး တရားရုံးက လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ အနေအထားရှိတာပေါ့။ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ကိစ္စတွေလောက်ပဲ သူတို့အနေနဲ့ ဆုံးဖြတ်ဖို့ ခက်ခဲတယ်ပေါ့နော်။ တချို့ကိစ္စတွေမှာလည်း ရဲတိုင်တာမလုပ်ဘဲနဲ့ ဒီအတိုင်းပဲ ကျေအေးလိုက်ကြတယ်။ ရဲစခန်းသွားလည်း အဆင်မပြေကြဘူး။ တရားရုံးသွားလည်း အဆင်မပြေဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသွားလည်း အဆင်မပြေနေတဲ့အတွက် အချို့က နစ်နာသူတွေကလည်း နစ်နာပေမဲ့လည်း ဒီအတိုင်းပဲ ကြိတ်မှိတ်ပြီး နေလိုက်တယ်၊ တချို့ဖြစ်စဉ် တွေရှိတာပေါ့။

    မေး – အဲဒီလိုမျိုး တရားရုံးမသွားပဲ ဘယ်လိုပုံစံနဲ့ဖြေရှင်းလေ့ရှိကြလဲ

    ဖြေ – တချို့လည်း ကျေးရွာ၊ ရပ်ကွက်ထဲက နည်းနည်းပြောပြီးဆိုပြီး လူရိုသေ ကြည်ညိုသူ ပုဂ္ဂိုလ်တွေက ဖြေရှင်း ညှိနှိုုင်းပေးတာတော့ ရှိတယ်။ တချို့ EAO (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့) တွေနဲ့ နီးတဲ့ နယ်မြေတွေက သူတို့နဲ့ တိုင်ကြားတာရှိတယ်။ မြို့ပေါ်ဆိုရင်လည်း မြို့ပေါ်လောက်ကတော့ ရဲစခန်းမှာ ဖြေရှင်းတာတွေတော့ ရှိတာပေါ့။ လက်လှမ်းမမှီတဲ့ ရွာတွေမှာ ဖြစ်သလို ကြုံသလို ဖြေရှင်းပေးရတာလည်း ရှိတယ်။ အဲဒီလို ဖြေရှင်းရတဲ့အခါကြတော့ အသိုင်းအဝိုင်းတောင့်ရင် တောင့်သလို အားသာချက်ရှိတယ်။ နည်းရင်း နည်းသလို အားနည်းချက်ရှိတာပေါ့။ တရားမျှတမှုဆိုတာ မဖြစ်လာဘူး။ အဲဒီလိုတော့ မြင်နေရ ကြားနေရတာပါပဲ၊ အခုလက်တွေ့လည်း ဖြစ်နေတာပဲ။

    တရားရုံးက ပုံမှန်ဖြေရှင်းပေးတာ ရှိတယ်၊ အမှုကြီးကြီးမားမားတို့ ဖြေရှင်းပေးတာပေါ့၊ လူသတ်မှု တို့ အဲဒီလိုဖမ်းဆီးခံရတာလည်း ရှိတာပေါ့နော်။ တုန့်ပြန်မှု နှေးကွေးတာပေါ့၊ သူတို့ရဲ့ လုံခြုံရေး အပိုင်းက အားစိုက်နေရတယ်။  ပြဿနာတစ်ခုခုတက်လို့ ခေါ်ရင်တောင်မှ ချက်ချင်းကြီး မရောက်လာနိုင်ဘူး။ ဆူပူမှုတွေ လုပ်မယ်၊ လုံခြုံရေးလုပ်မယ် ဖြစ်စဉ်က တကယ်ဖြစ်လား မဖြစ်လား ထောက်လှမ်းမယ်ဆိုရင် အချိန်အားဖြင့် ကြာတာပေါ့နော်။ ညဘက်ဆိုရင် ဘယ်လိုမှ ခေါ်လို့ အဆင်မပြေဘူး။ လုံခြုံရေးအဖွဲ့တွေ ခေါ်လို့ မလာကြဘူး။ ဘေးအိမ်မှာ သူခိုးကပ်နေတာဆိုရင် ဒီဘက်အိမ်က မပြောရဲ မဆိုရဲဘူး။ သူခိုးက တစ်ခါတစ်လေ လူကို ပြန်ဟစ်သွားတာလည်းရှိတယ်၊ ခင်ဗျာတို့ သတိထား သေသွားမယ်ဆိုပြီးတော့ ပြန်လည်းခြိမ်းခြောက်သွားတဲ့ အခါမျိုးလည်း ရှိတယ်။ ဒါက မြို့ပေါ်နော်။ နယ်တွေဘက်မှာ တော့ မသိဘူး။ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးက အဲဒီလောက်အထိ ပျက်ယွင်းနေတယ်။  ရဲစခန်းဆိုလည်း ရေးမြို့မ ရဲစခန်းပဲ နည်းနည်းလည်းပတ်တာရှိတယ်၊ ကျန်တဲ့ ရဲစခန်းတွေ တချို့ဆို ဖြုတ်သိမ်းတာတို့ ရှိတယ်။

    မေး – ပညာရေးနှင့် ကျန်းမာရေးအခန်းကဏ္ဍက အရင်တိုင်းလိုပဲ လည်ပတ်နေတာပဲလား။

    ဖြေ – ပညာရေးနှင့် ကျန်းမာရေးက ကောင်းကောင်းလည်ပတ်နိုင်တဲ့ သဘောရှိတယ်။ သို့ပေမဲ့လည်း အရင်လို ပညာရေး၊ ကျန်းမာရေးမှာဆိုရင်လည်း ဆေးဝါးကို အခမဲ့ ၁၀၀ ရာခိုင်နှုန်းပေးတာတို့ လျှော့နည်းလာတယ်။ ဝန်ထမ်းအင်းအားနည်းလာတဲ့အတွက် ဆရာ/ ဆရာမတွေ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့လူက ဒီတာဝန်တွေပိတယ်။ သူတို့မှာလည်း စားဝတ်နေရေးကိစ္စ အဘက်ဘက်က ဖြစ်လာတာပေါ့နော်၊ လုပ်တာလုပ်နေရတယ်၊ အရင်လို စိတ်လုံခြုံမှုမရှိလည်း လုပ်နေရတာပေါ့။ ဝါသနာရော ဝမ်းစာအတွက်ရော ရုန်းကန်နေရတဲ့ သဘောရှိတယ်။ ဒါက ကျန်းမာရေးဂဏ္ဍပေါ့။ ဒီအပေါ်မှာ အခွင့်အရေးယူတဲ့လူလည်းရှိမှာပေါ့။

    ပညာရေးဆိုလည်း တချို့ဆို စေတနာ အနစ်နာလုပ်တဲ့ ဆရာမတွေရှိသလို ဒီဟာမျိုးကို အခွင့်ကောင်းယူတယ်၊ အချို့ဆရာမတွေလည်း ရှိတယ်၊ ဒီကာလမှာ ကျူရှင်လုတာတို့ ကလေးလုတာတို့ အဲဒီလိုပေါ့နော်၊ အာဏာပါဝါပြတာတို့ ဒီလိုမျိုးခေတ်မှာ နောက်ဆက်တွဲပါလာကြတယ်။ အရင်က ကျောင်းဆိုလည်း ကျောင်းအကျိုးတော်ဆောင်နဲ့ လုပ်လို့ရတယ်။ နောက်ပိုင်း အဲဒီလိုမျိုးမရှိတော့ဘူး၊ ကျောင်းကလည်း သူဟာနဲ့ သူ ရုန်းကန်နေရ၊ နိုင်ငံတော်က ချပေးတဲ့ အတိုင်းအတာကလည်း သူတို့အတိုင်အတာနဲ့ သူတို့ မချပေးနိုင်တာတွေရှိတာပေါ့နော် အဆင်မပြေတော့ဘူး။

    မေး – လက်ရှိ ရေးမြို့နယ်ရဲ့ စီးပွားရေးအခြေအနေကရော ယ်လိုရိုက်ခတ်မှုတွေ ရှိနေပြီလဲ

    ဖြေ – ပြည်တွင်းစီပွားရေးဆိုရင် ရေးမြို့မှာ ခရီးသွားလုပ်ငန်း လုံးဝ ရပ်ဆိုင်သွားတယ်။ ရေးဒေသ ထုတ်ကုန်တွေ ပို့ကုန်၊ သွင်းကုန်တွေလည်း အထိုက်လျောက် တော်တော်လေး ကျဆင်းသွား တယ်။ နောက်ပြီး လူငယ်အင်းအားမရှိတော့ဘူး။ ဒါကို မောင်းနှင်းမယ့် လူ့စွမ်းအား အရင်းမြစ် မရှိတော့ဘူး။ အကုန်လုံး နိုင်ငံခြားတိုင်းပြည်သွားတာနဲ့ အခြားတစ်နေရာကို ရောက်သွားကြ တာနဲ့ အချို့ကုမ္ပဏီကြီးတွေမှာဆိုရင် ရပ်ပစ်ရမယ့် အနေအထားရှိတယ်။ အခြေခံလုပ်သား မရှိဘူး၊ လူငယ်အပိုင်းပေါ့နော်၊ အလုပ်လုပ်နိုင်တဲ့ လူငယ်တွေ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား ယောကျားလေးဆို ပိုဆိုးတာပေါ့။ ဒီစစ်မှုထမ်းဥပဒေနဲ့ ဆိုတော့ ကြောက်လန့်ပြီး သွားကြတယ်။ ၁၀၀ ရာခိုင်းနှုန်းမှာဆို ၃၀ ရာခိုင်းနှုန်းလောက်ပဲ (ကိုယ့်ရပ်ကိုယ့်ရွာမှာ) လူငယ်တွေ ကျန်ခဲ့တာပေါ့။ ထုတ်ကုန်၊ သွင်းကုန်တွေ စီးပွားရေးကဏ္ဍတွေ မောင်းနှင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီ ၂၀၂၄ မှာ  ပိုပြီး ရိုက်ခတ်လာတယ်။

    မေး – အခုပျက်ယွင်းနေတဲ့ အုပ်ချုပ်ရေးယန္တယားက ပြန်ကောင်းလာဖို့ ရှိဦးမလား။

    ဖြေ – လက်ရှိစစ်ကောင်စီရဲ့ ခေါင်ဆောင်အပိုင်းတချို့ တိုင်းပြည်ကို ချစ်တဲ့စစ်သားတစ်ယောက် ပေါ်လာရင်တော့ ဒီတိုင်းပြည်ကို ပြန်လည်တည်ဆောက်နိုင်မယ်ပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ ဒီအတိုင်းဆက်သွားနေရင် မမြင်ဘူး။ တခြားအာဏာရှင် အဆက် ဆက်လည်း ဒီတိုင်းပြည်ကို ဒီလိုပဲ အာဏာသိမ်း အုပ်ချုပ်လာတာပဲ။ ဒီတစ်ခါတော့ အဆိုးဆုံးပဲ။ ပရမ်းပတာအနိုင်ဆုံးလို့ ပြောလို့ရတယ်။

    မေး – တခြားဖြည့်စွက်ပြောပြချင်တဲ့အရာတွေ ရှိရင် ပြောပေးပါ

    ဖြေ – အဓိကလမ်းပန်ဆက်သွယ်ရေး မကောင်းဘူးပေါ့နော်။ အဖွဲ့ပေါင်းစုံကနေပြီး နည်းပေါင်းစုံနဲ့ စစ်ဆေးတာပေါ့။ စစ်ဆေးတဲ့ လူအားလုံးရဲ့ ပြောစကားကတော့ ပြည်သူ့လူထုရဲ့ လုံခြုံရေးအတွက်ပါပဲ။ ပြည်သူတွေက ကြားကနေ ဟိုလူလည်း ကြောက်ရ၊ ဒီလူလည်း ကြောက်ရ။ အဘက်ဘက်ကနေပြီးတော့ ကြောက်နေရတယ်။ ခရီးသွားတောင်မှ မဝံ့မရဲဖြစ်သွားကြတယ်ပေါ့။ လုံခြုံရေးအားနည်းတာပေါ့။ လမ်းမှာ နှစ်ဖက်တိုက်ပွဲဖြစ်တဲ့ ကြားကနေ ညှပ်မိနေမလား၊ တော်လှန်ရေးတပ်ဖွဲ့ကလည်း မလိုအပ်ပဲ ခရီးမသွားကြပါနဲ့လို့ လိုအပ်လို့ပဲ ခရီးသွားကြတာပေါ့။ လူဦးရေ  ၁၀၀ မှာ ၃၊ ၄ ယောက်ပဲ ရှိတာပါ။ မလိုအပ်ပဲ ခရီးလျောက်သွား အပျော်လုပ်တာတွေ ကျန်တဲ့ဟာတွေ ဝမ်းစာရေး၊ တချို့က ခရီးသွားရင်းနဲ့ ပစ်ခံနေရလည်း ရှိတယ်။ လူနာတင်ယာဉ်လည်း ပစ်ခံရတယ်။ တော်လှန်ရေးပြောတော့ စစ်ကောင်စီ ပစ်တယ်။ စစ်ကောင်စီပြောတော့ တော်လှန်ရေး ပစ်တယ်။ ဘယ်သူက တရားမျှတလည်းတော့ မသိဘူး။ ပြည်သူ့တွေဘဝက ဘယ်သူ့ကို အားကိုးရမှန်းမသိ၊ ဘယ်သူ့ကို ယုံကြည်ရမှန်းမသိဘူး။ လုံးဝ အနာဂတ်ပျောက်နေတယ်။ လူငယ်၊ လူကြီး၊ လူလတ်တွေရော လုပ်ငန်းရှင်တွေရော အကုန်လုံး အနာဂတ်ပျောက်တယ်။ ဒါက ကောင်းတဲ့ လက္ခာဏာ မဟုတ်ဘူး။ စစ်အာဏာရှင်ကို တော်လှန်ရင်းနဲ့ ပြည်သူ့ရဲ့ အခက်အခဲကို ဘယ်လိုဖြေရှင်းပေးလဲ ပြည်သူတွေ လိုချင်တာက အမြန်ဆုံးငြိမ်းချမ်းရေး၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဖို့ လိုချင်တယ်။ ဘယ်သူမှ မလုံခြုံတော့တဲ့ အနေအထားဖြစ်လာတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts