spot_img
Saturday, December 13, 2025
More
    spot_img
    Homeသတင်းထားဝယ် စစ်ကောင်စီ မောထစခန်းကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက် တပ်သားများ ထွက်ပြေး

    ထားဝယ် စစ်ကောင်စီ မောထစခန်းကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက် တပ်သားများ ထွက်ပြေး

    -

    ထိုင်း-မြန်မာနယ်စပ် မြိတ်ခရိုင်၊ မောထကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

    ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က မောထစခန်းကို KNLA တပ်မဟာ (၄) ဦးဆောင်သည့် ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ရာ ဧပြီ ၂၄ ရက်နေ့ နံနက်ပိုင်းက စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    “အဲဒီစခန်းက ကျွန်တော်တို့တွေ ရိက္ခာဖြတ်ထားတယ်ပြောရမလားပေါ့နော်။ အဲဒီလို ဖြတ်တောက်ထားတာကြာပါပြီ၊ စစ်တပ်အာဏာသိမ်းကတည်းက အဲဒီစခန်းကို အင်အားဖြည့်တာမျိုးတွေရှိတယ်။ ဒါတွေကို ကျွန်တော်တို့က ဖြတ်တိုက်တာတွေရှိပါတယ်။ အဲဒီတော့ စခန်းက အများကြီး တိုက်စရာတော့မလိုဘူး။ သူတို့ စခန်းစွန့်သွားတာပေါ့။ နယ်စပ်စခန်းလည်းဖြစ်တယ်။ ဆက်သွယ်ရေးလိုင်းတွေလည်း ခက်တော့ အခြေအနေ အတိအကျကိုတော့ မသိရသေးဘူးဗျ” ဟု ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူခြင်း၊ လက်နက်ကြီးပစ်ကူခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

    ဧပြီလ ၁၄ ရက်နေ့ကလည်း မောထစခန်းတွင် ခေတ္တနားနေခဲ့ပြီး ထီးထဗျူဟာစခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA နှင့် PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့သေးသည်။

    မောထစခန်းသည် ထားဝယ်အရှေ့တောဒေသတွင် စစ်ကောင်စီစစ်ကြောင်းများအတွက် ခရီးတစ်ထောင့်နားခိုရာ စခန်းဖြစ်ပြီး အင်အား ၄၀ ကျော်ဖြင့် တပ်စွဲထားသည့် ရှေ့တန်းစခန်းတစ်ခုဖြစ်သည်။

    မောထစခန်းအပြင် ထားဝယ်အရှေ့ခြမ်းရှိ ကျောက်ထုစခန်းအားလည်း KNLA နှင့် ပူးပေါင်းတပ်တို့က ဇန်နဝါရီလအတွင်း သိမ်းပိုက်ခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts