Homeသတင်းသင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်းစခန်း ပြန်လည်ရရှိရန်  လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေ

သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်းစခန်း ပြန်လည်ရရှိရန်  လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေ

-

ကရင်ပြည်နယ် ၊မြဝတီမြို့ ၊သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်း ခမရ (၃၅၅) တပ်စခန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီ်မှ ယနေ့ ဧပြီလ ၃ ရက်နေ့ နံနက် ၇နာရီခွဲအချိန်မှစပြီး နေ့လည်ပိုင်း ၁၂နာရီအထိ  လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေသည်ဟု မြဝတီဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီလေတပ်မှ မြဝတီမြို့နယ် ၊သင်္ဃန်းညီနောင် ကျေးရွာအုပ်စုထဲသို့ Y 12 ဗုံးကြဲလေယာဉ်ဖြင့် လာရောက်တိုက်ခိုက်နေသည့် အတွက် အဆိုပါကျေးရွာအုပ်စုအတွင်းရှိ နေအိမ်များအပြား ထိခိုက်ပျက်စီးခဲ့ရသည်ဟု မြဝတီဒေသခံတစ်ဦးက ဆိုသည်။

“ညီနောင်ဘက်ကို တစ်မနက်လုံး လေယာဉ်နဲ့ကျဲနေတယ် လက်ရှိမြေပြင် အလုံးကြီးတွေကလည်း တရစပ် ပစ်ခတ်နေတယ် ၊အိမ်တွေက ကုန်သလောက် ဖြစ်နေပြီး” ဟု ဆိုသည်။

လက်ရှိပစ်ခတ်မှုကြောင့် ဒေသခံနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှုရှိခဲ့ပြီး လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

သင်္ဃန်းညီနောင် အခြေမြန်တပ်ရင်း ခမရ (၃၅၅) တပ်စခန်းကို KNLA ၊ PDF ပူပေါင်းတပ်ဖွဲ့တို့က မတ်လ ၉ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထိုတပ်စခန်းကို ပြန်လည်ရရန်အတွက်  စစ်ကောင်စီတပ်နှင့် KNLA ၊ PDF ပူပေါင်းတပ်ဖွဲ့တို့ မတ်လ ၁၅ ရက်နေ့မှ ၂၅ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တပ်သား ၂၀ ကျော်သေဆုံးကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း KNU မှ ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။

၎င်း KNU တပ်မဟာ၆ နယ်မြေတွင်  နှစ်ဖက်ပစ်ခတ်မှု နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် သင်္ဃန်းညီနောင်ဘက်တွင် စစ်ဘေးဒုက္ခသည် ၅ထောင်နီးပါးအထိ တိုးလာကြောင်း ဒေသတွင်း သတင်းဌာနထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts