Homeသတင်းကျိုက်မရောမြို့နယ် နေအိမ်တစ်အိမ်တွင် အနုကြမ်းဝင်စီးခံရပြီး အမျိုးသမီး ၂ ဦးသေဆုံး

ကျိုက်မရောမြို့နယ် နေအိမ်တစ်အိမ်တွင် အနုကြမ်းဝင်စီးခံရပြီး အမျိုးသမီး ၂ ဦးသေဆုံး

-

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာ၊ အောင်သုခရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အနုကြမ်းဝင်စီးခံရပြီး အမျိုးသမီး ၂ ဦး ဓါးဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ကျိုက်မရောဒေသခံတို့ထံမှ သိရသည်။

ယနေ့ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်တွင် သာမန်အရပ်ဝတ်ဖြင့် နှစ်ဦးထက်ပိုသည့် လူတစ်စုမှ နေအိမ်သို့ ရောက်ရှိလာပြီး အိမ်ရှင်အမျိုးသမီး ၂ ဦးကို ဓားဖြင့်ဝင်ထိုးခဲ့ကြောင်း အခင်းဖြစ်ပွားသည့်နေအိမ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

"အဲ့အိမ်မှာက အပျိုကြီးသုံးယောက်နေနေတာ၊ အပေါင်ဆိုင်အိမ် ငွေတိုးချေးစားတဲ့အိမ်လေ၊ အဲ့အိမ်ကို ဓားပြဝင်တိုက်တဲ့ပုံစံပေါ့ နှစ်ယောက်ကို ဓားနဲ့ထိုးတာ သွေးထွက်လွန်ပြီးဆုံးသွားတယ်။ တစ်ယောက်ကျန်တယ် "ဟု ဆိုသည်။

၎င်းအပြင် ထိုနေအိမ်မှ ဆိုင်ကယ်တစ်စီး ယူဆောင်ခဲ့ပြီး အခြားပစ္စည်း ပျောက်ဆုံးမှုမရှိကြောင်း ဆက်ပြောသည်။

သေဆုံးသူအမျိုးသမီးနှစ်ဦးမှာ အသက် ၅၉ နှစ်အရွယ်ရှိ ဒေါ်ပါးပါးသီနှင့် သက် ၅၀ နှစ်အရွယ်ရှိ ဒေါ်လှလှဝင်းတို့ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိပြီး သေဆုံးသူရုပ်အလောင်းများကို ကျိုက်မရောဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts