မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်၊ ဝင်းတာပန်ကျေးရွာတွင် အရပ်သား ၁ ဦးကို စစ်ကောင်စီတပ်တို့က အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး နေအိမ်ကိုပါ မွှေနှောက်ဖျက်ဆီးခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်တွင် စစ်ကောင်စီ ဝင်းတာပန်စခန်းမှ ထွက်လာသော စစ်ကောင်စီတပ် ခမရ-၄၀၉ တပ်ဖွဲ့ဝင်များမှ နောင်ကတုတ်ချောင်းအနီးရှိ ပနာ့ကွီး(ဒေသအခေါ်ဝေါ်) နေရာတွင် အသက် ၃၃ နှစ်ရှိ ဝင်းတာပန်အထက်ရွာနေ စောချဝေါ် ကို သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စောချခေါ်သည် ဘယ်ဖက်လက် တံတောင်ဆစ်တွင် ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ရေးသားဖော်ပြထားသည်။
“အဲ့ဒီ ရွာသားကို ပစ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနက် ၃ နာရီကတည်းက ဝင်းတာပန် စခန်းကနေထွက်ပြီး လေးကေဘက် တက်သွားတယ်။ အဲ့အစပ်ကြား စောချဝေါ်က ဟင်းသီးဟင်းရွက်ရှာ ဝါးသွားခုတ်နေတုန်း သူတို့နဲ့တိုးလို့ ပစ်ခံရတာ” ဟု ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး KNU က ထုတ်ပြန်ထားသည်။
၎င်းပြင် ဖေဖော်ဝါရီလ ၂၁ နှင့် ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီ ဝင်းတာပန်စခန်းမှ တပ်ဖွဲ့ဝင်များ ဝင်းတာပန်ရွာထဲ ဝင်ရောက်ပြီး နေအိမ်များ မွှေနှောက်ဖျက်ဆီးကာ အိမ်အတွင်းရှိပစ္စည်းနှင့် အိမ်မွေးတိရိစ္ဆာန်များကိုလည်း ယူသွားခဲ့သည်ဟု ဆိုထားသည်။