လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၄။
မွန်ပြည်နယ်၊ ရေးမြို့ပေါ်ရှိ ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။
ရေးခရိုင်ထွေအုပ်ရုံးကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်က တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တို့က ဒရုန်းဖြင့် ဗုံးသုံးလုံးထက်မနည်း ပစ်ချခဲ့ကြောင်း ရေးမြို့ခံတစ်ဦးထံမှ သိရသည်။
“အဲ့နေ့က တနင်္ဂနွေနေ့ ရုံးပိတ်ရက်ဆိုတော့လေ လူတွေလည်းသိပ်မရှိကြဘူး။ အဲ့ကြောင့်မို့ဖြစ်မယ် လူတွေထိခိုက်မိတာမရှိဘူး။ အဆောက်အဦးခေါင်းမိုးတွေ ပျက်စီးသွားတာတော့ရှိမယ်။ အတိအကျတော့ ဘယ်သူမှ မသိဘူး” ဟု ၎င်းမြို့ခံက ပြောသည်။
ဒရုန်းဖြင့် ကြဲချခဲ့သည့်ဗုံးများသည် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းပေါ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမှ ၁၅ ပေအကွာနှင့် ဌာနခွဲ (၂)ရုံးခန်းမှ ၂၅ ပေခန့်အကွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီတပ်စခန်း၊ ဂိတ်များနှင့် ဌာနဆိုင်ရာရုံးများ ပစ်ခတ်တိုက်ခိုက်ခံရမှုလည်း ဆက်တိုက်ဖြစ်ပွားခဲ့သည်။
လတ်တလောတွင် ရေးမြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေနှင့် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုတို့၏ စစ်ရေးအရှိန်မြှင့်တင်မည်ဆိုသည့်ထုတ်ပြန်ကို ကြည့်ခြင်းအားဖြင့် ရေးမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာနိုင်သည့်အခြေအနေရှိနေသည်ဟု ဒေသခံတို့က သုံးသပ်နေကြသည်။