Homeသတင်းမွန်ပြည်တော်လှန်ရေးတပ်မှ တပ်သားသစ်များဖိတ်ခေါ်

မွန်ပြည်တော်လှန်ရေးတပ်မှ တပ်သားသစ်များဖိတ်ခေါ်

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၄။

မွန်ပြည်အတွက် အလုံးစုံသောအာဏာရှင်စနစ်ကို အပြီးတိုင်တိုက်ထုတ်ရေး မွန်ပြည်တော်လှန်ရေးတပ် MSRF မှ ရဲဘော်အသစ်များ လက်ခံနေပြီဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီမှ “ပြည်သူ့ စစ်မှုထမ်းဥပဒေ” ကြေညာခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့နောက်ပိုင်း မွန်လူငယ်အပါအဝင် နိုင်ငံအနှံ့က လူငယ် ရာဂဏန်းနီးပါး MSRF နှင့် ဆက်သွယ်လာကြောင်း ဆိုသည်။

MSRF အနေဖြင့် ဆက်သွယ်လာသူများအား အသက်အရွယ်၊ ပညာအရည်အချင်း၊ လက်ရှိနေထိုင်ရာဒေသ၊ လက်ရှိအလုပ်အကိုင် စသည့်အချက်အလက်များကို မေးမြန်းစိစစ်လျက်ရှိကြောင်း အဖွဲ့တာဝန်ရှိသူတို့ထံမှ သိရသည်။

MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက “ပုံမှန် ဆက်သွယ်မေးမြန်းစုံစမ်းတဲ့အရေအတွက်ထက် အဆအများကြီးတိုးလာတာတွေ့ရပါတယ်။ အရေအတွက်ကိုတော့ ကျွန်တော်မပြောပါရစေနဲ့။ ကျွန်တော်တို့ စုဆောင်းရေးစခန်းကိုရောက်လို့ရှိရင်တော့ ရန်သူဘက်က လွှတ်လိုက်တဲ့ သူလျှိုတွေ ထောက်လှမ်းရေးတွေပါမလာအောင် ဒုတိယအဆင့်အနေနဲ့ စိစစ်ပါမယ်ခင်ဗျ။ ကျွန်တော်တို့အနေနဲ့ ထိုက်သင့်တဲ့မေးခွန်းတွေ မေးမြန်းပြီးရင် သွားရမယ့်ဒေသကို ညွှန်ကြားပါတယ်။ ပြီးရင် အဲဒီဒေသကတစ်ဆင့် ကျွန်တော်တို့တပ်တွေဆီကို ဆင့်ခေါ်တာတွေရှိပါတယ်” ဟု ရှင်းပြသည်။

မွန်ပြည်တော်လှန်ရေးတပ်သည် မွန်လူငယ်များအပါအဝင်အဝင် ဒေသအသီးသီးမှ ပြည်သူများဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သောကြောင့် မည်သူကိုမဆို လက်ခံသွားမည်ဟု ပြောသည်။

“ကျွန်တော်တို့က မွန်ပြည်တော်လှန်ရေးတပ် မွန်ပြည်အတွင်းမှာနေထိုင်တဲ့ပြည်သူပြည်သားတွေအားလုံးအပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ မွန်လူမျိုးတွေကိုလည်း ကြိုဆိုနေပါတယ်။ ကျွန်တော်တို့ MSRF ဟာ မွန်လူမျိုးတစ်မျိုးထဲနဲ့ ဖွဲ့စည်းထားတဲ့တပ်မဟုတ်ဘူးဆိုတာကိုလည်း ပြောချင်ပါတယ်” ဟု နိုင်နဂါးက ဆက်ပြောသည်။

MSRF သို့ ဝင်ရောက်လိုသူ လူငယ်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် စာပို့ဆက်သွယ်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အမျိုးသားဆိုလျှင် အသက် ၁၈ နှင့် ၃၅ နှစ်အတွင်း၊ အမျိုးသမီးဆိုလျှင် အသက် ၁၈ နှင့် ၂၇ နှစ်အတွင်းအရွယ်များ စစ်မှုထမ်းရမည်ဖြစ်ပြီး ငြင်းဆန်ပါက ထောင်ဒဏ် ၅ နှစ်အထိ ကျခံရမည်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts