လွပ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၄။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မယ်တရိုကျေးရွာအတွင်း မြေမြှပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန် ပစ္စည်းများရှိနေခြင်းကြောင့် ပြည်သူတို့ ထိခိုက်ဒဏ်ရာ ရရှိမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
မြေမြှပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန် ပစ္စည်းများသည် ကျေးရွာအဝင်အထွက်နေရာ၊ စစ်ကောင်စီတပ်စခန်းနှင့် နီးစပ်ရာနေရာတို့အပြင် စာသင်ကျောင်းဝင်းအတွင်းပါ ကျန်ရှိနေခြင်းကြောင့် ကလေးငယ်တို့အတွက် စိုးရိမ်ဖွယ်ဖြစ်ကြောင်း မယ်တရိုဒေသခံတစ်ဦးက ဆိုသည်။
“အထူးသဖြင့် စာသင်ကျောင်းဝင်းမှာပေါ့ မပေါက်ကွဲသေးတဲ့ လက်နက်တွေလည်းရှိသေးတော့ ကလေးမိဘတွေ ပိုစိုးရိမ်ကြတယ်ပေါ့။ ဘယ်သူမှ မဆွဲနှုတ်ရဲကြဘူး ဒီအတိုင်း ဆားဖြန်းထားရတယ်။ မပေါက်ကွဲအောင် သစ်သားနဲ့ အုတ်နဲ့ ကာထားရတယ်” ဟု ဆိုသည်။
အဆိုပါ ကျန်ရှိနေသည့် စစ်လက်နက်ပစ္စည်းများကို ဖယ်ရှားရန်အတွက် ဒေသခံတို့က သက်ဆိုင်ရာကို အကူညီတောင်းထားသော်လည်း လာရောက်ဖယ်ရှားပေးခြင်း မရှိသေးကြောင်း ၎င်းဒေသခံက ဆိုသည်။
“ သက်ဆိုင်ရာတွေကို ခေါ်ထားပါတယ်။ ဒါပေမဲ့ သူတို့လာ မလုပ်ရဲတော့ ဒီအတိုင်းပဲထားထားရတယ်။ တစ်ချို့အခြေအနေဆိုးတဲ့နေရာတွေဆို သူတို့သွားလာခွင့်ပိတ်ထားတယ်” ဟု ဆက်ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း (KNLA / PDF ) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ချောင်းနှစ်ခွ ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်နှင့်ပစ်ခတ်ခြင်း၊ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခြင်း၊ မြေမြှပ်မိုင်းထောင်ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းတို့ကြောင့် ယခုကဲ့သို့ စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ ရှိနေကြောင်း ဒေသခံတို့က ဆိုသည်။
အလားတူ တိုက်ပွဲကြောင့် ချောင်းနှစ်ခွကျေးရွာအပါအဝင် နီးစပ်ရာရွာများဖြစ်သည့် လှကဇိုင်၊ မယ်တရိုကျေးရွာနှင့် တောင်ကလေးကျေးရွာတို့တွင်လည်း စစ်လက်နက်အကြွင်းကျန်ပစ္စည်းတို့ ကျန်ရှိနေသေးကြောင်း သိရသည်။
ပြီးခဲ့သည့်၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် တိုက်ပွဲပဋိပက္ခတို့ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ စစ်လက်နက်ပစ္စည်းနှင့် မြေမြှပ်မိုင်း အသုံးပြုမှု ပိုမိုတိုးလာပြီး အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်ဒေသအတွင်း သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု ပိုမိုများပြားလျက်ရှိကြောင်း UNICEF ၏ နိုဝင်ဘာလ အစီရင်ခံစာမှာ ဖော်ပြထားသည်။