လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၄။
ကရင်နီ (ကယား) ပြည်နယ်၊ ရှားတောမြို့နယ်တွင် စစ်ကောင်စီက ကိုယ်ဝန်ဆောင်မိခင်အပါအဝင် အရပ်သား ၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ထံမှ သိရသည်။
စစ်ကောင်စီတပ်က ရှားတောမြို့နယ်ရှိ တောတောင်အတွင်း စစ်ဘေးရှောင်နေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး၊ အခြားအမျိုးသမီးနှစ်ဦးနှင့်အတူ ၁၀ နှစ်အောက် ကလေးငယ် ၃ ဦးအား ဖမ်းဆီးကာ လမ်းပြစေပြီး လူသားဒိုင်းအဖြစ် အသုံးချခဲ့ကြောင်း သိရသည်။
KNDF ပြောရေးဆိုခွင့်ရှိသူက “၄ ရက်နေ့မှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ အင်အား ၆၀ လောက်လာချသွားတယ်။ အဲ့ဒီအဖွဲ့က ရှားတောမြို့ရွာအပြင်ဖက်မှာ စစ်ရှောင်နေတဲ့ ပြည်သူ ၇ ဦးကို ဖမ်းဆီးသွားတယ်။ အဲဒီနောက် ၅ ရက်နေ့ မနက်မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။
ပစ်ခတ်သတ်ဖြတ်ခံရသူများတွင် ကိုယ်ဝန်ဆောင်၏ ဦးခေါင်းနှင့် ကလေးငယ်များ၏ ဦးခေါင်း ကျောပြင်များတွင် ကျည်ဒဏ်ရာများ တွေ့ရှိခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီ စတင်ဖမ်းဆီးချိန်က ၈ ဦးဖြစ်ပြီး အမျိုးသားတစ်ဦးမှာ စစ်ကောင်စီထံမှ လွတ်မြောက်သွားကာ အခြားသူများကိုပြောပြပြီးနောက် အဆိုပါ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်မတိုင်မီ ရက်ပိုင်းခန့်တွင် စစ်ကောင်စီက ရှားတောမြို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မီးလောင်ဗုံးများကြောင့် ဒေသခံ နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်။