လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဖေဖော်ဝါရီလ ၈ ရက် ၂၀၂၄။
ယနေ့ နံနက် ၁၀ နာရီတွင် အဆင့်မြင့်ကောလိပ်တက္ကသိုလ်ပညာရေးတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီချက် (၈) ချက်ပါ နားလည်မှုသဘောတူညီမှုစာချုပ် (Memory of Understanding) တရပ်ကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့ Payap တက္ကသိုလ်နှင့် မွန်အမျိုးသားကောလိပ်တို့ အကြား လက်မှတ်ရေးထိုးခဲ့သည်။
နားလည်မှုသဘောတူညီမှုစာချုပ် (Memory of Understanding) လက်မှတ်ရေးထိုးပွဲသို့ မွန်အမျိုးသားများကိုယ်စား မွန်အမျိုးသားပညာရေးကော်မီတီမှ တာဝန်ရှိသူများ၊ မွန်အမျိုးသားကောလိပ်မှ တာဝန်ရှိသူများ၊ ဇင်းမယ်မြို့ ရှိ တက္ကသိုလ်များတွင် တက်ရောက်နေသည့် မွန်ကျောင်းသူ ကျောင်းသားများ ပါဝင်တက်ရောက်ခဲ့သည်။
Payap တက္ကသိုလ်မှ ကျောင်းအုပ်ကြီး နာဲအဖိချာဲအေန်သုဝါန် (Mr. Apicha Insuwan) တက္ကသိုလ်မှ ဌာနမှုးများ အုပ်ချုပ်ရေးကော်မီတီဝင်များတတက်ရောက်ခဲ့ပြီး၊ USAid ၏ ပညာရေးစကောလားရှစ်အစီအစဉ်ကို ဆောင်ရွက်နေသည့် International Institute of Education မှ ဒေါက်တာ ‘ဘရိုက်စမတ်ဒီလီ’ (Dr. Bryce Smedley) လည်းတက်ရောက်ခဲ့သည်။
Payap တက္ကသိုလ်မှ ကျောင်းအုပ်ကြီး နာဲအဖိချာဲအေန်သုဝါန် (Mr. Apicha Insuwan) မှ အဖွင့်မိန့်ခွန်းပြောကြားရာတွင် "မိမိတို့ Payap တက္ကသိုလ်အနေဖြင့် အစိုးရမဟုတ်သည့် မြန်မာနိုင်ငံမှတိုင်းရင်းသားအဆင့်ပညာရေးအဖွဲ့ အစည်းများအတွက် ပညာရေးအခွင့်အလမ်းများကို ပေးအပ်သွားမည်ဖြစ်ပြီး တနှစ်နှစ်မှာ ကျောင်းသူကျောင်းသား ၁၅ ဦးကို ပညာတော်သင်ဆု ပေးအပ်သွားပါမယ်" ဟု ပြောဆိုခဲ့သည်။
မွန်အမျိုးသားပညာရေးကော်မီတီ ဒါရိုက်တာ ‘မိသာဍာ’ မှလည်း နှစ်ပေါင်း (၅၀) ကျော် မွန်အမျိုးသားပညာရေးအခြေအနေ လှုပ်ရှားမှုတို့အား ပြောကြားခဲ့ပြီး အခက်အခဲများကြားမှ မွန်အမျိုးသားကောလိပ်အား တည်ဆောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မွန်အမျိုးသားကောလိပ်ကျောင်းအုပ်ကြီး ‘နိုင်ပညာမွန်’ မှာလည်း "မွန်အမျိုးသားကောလိပ်နှင့် Payap တက္ကသိုလ်တို့ အကြား MOU လက်မှတ်ရေးထိုးနိုင်ရန်အတွက် အချိန်အတန်ကြာ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ မိမိတို့ ကောလိပ်ကို အသိအမှတ်ပြုတဲ့အတွက် အထူးကျေးဇူးတင်လိုပါကြောင်း" ပြောကြားခဲ့သည်။
MOU လက်မှတ်မထိုးမီ မွန်လူမျိုးတို့၏ အမျိုးသားလက္ခဏာနှင့် ယဉ်ကျေးမှုကို ဖော်ဆောင်သည့် ‘တာလျိုင်မွဲ’ တပင်တိုင်ယိမ်းအကကို ထိုင်းနိုင်ငံမွန်ယဉ်ကျေးမှုဌာနမှ မိသာယာမှ ကပြခဲ့သည်။
၎င်းနောက်၊ ထိုင်းနိုင်ငံ ဇင်းမယ်မြို့ Payap တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် မွန်အမျိုသားကောလိပ် ကျောင်းအုပ်ကြီးတို့ နားလည်မှုသဘောတူညီမှုစာချုပ် (Memory of Understanding) ကို လက်မှတ်ရေးထိုးပြီး International Institute of Education မှ ဒေါက်တာ ‘ဘရိုက်စမတ်ဒီလီ’ (Dr. Bryce Smedley) မှလည်း Payap တက္ကသိုလ်အား ပညာတော်သင်ဆုပေးအပ်ရေးအတွက် နားလည်မှုသဘောတူညီမှုစာချုပ် (Memory of Understanding) ကို လက်မှတ်ရေးထိုးခဲ့သည်။
၎င်းနောက်၊ ထိုင်းနိုင်ငံ ဇင်းမယ်မြို့ Payap တက္ကသိုလ်နှင့် မွန်အမျိုသားကောလိပ်တို့အကြား နားလည်မှုသဘောတူညီမှုစာချုပ် (Memory of Understanding) တွင် မွန်အမျိုးသားကောလိပ်မှ ကျောင်းသူကျောင်းသားများ၏ အရည်အသွေးအား အသိမှတ်ပြုရေး၊ အမှတ်များအား လွဲပြောင်းနိုင်ရေး၊ သုတေသနလုပ်ငန်းနှင့် ပညာရေးအမြင်ဖလှယ်မှုများတွင်ပူးပေါင်းဆောင်ရွက်မှုအပြင် Payap တက္ကသိုလ်နှင့် မွန်အမျိုသားကောလိပ်တို့ မှ ပေးအပ်သော ဘွဲ့ ဒီဂရီအသီးသီး (Dual Degree and Joint Degree) တို့ အတွက် ပူးပေါင်းဆောင်ရွက်သွားရန်တို့ ပါဝင်သည်။
မွန်အမျိုးသားကောလိပ်ကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွင် လွန်ခဲ့သည့် ၂၀၂၂ တွင် ထူထောင်ထားပြီး Associate Degree အတွက် ဘာသာရပ် (၆) ကို သင်ကြားပေးနေသည့်အပြင် သူနာပြုသိပ္ပံဆေးဘာသာရပ်ကို ဒီဂရီအပြည့်ပေးအပ်ရန် သင်ကြားပေးနေပါသည်။
