မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ယခုနှစ်ဆန်းပိုင်းအတွင်း ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှု တိုးလာနေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိကျွမ်းမှုအားနည်းခြင်းကြောင့် ယာဉ်မတော်တဆမှု နေ့စဉ်ဖြစ်ပွားနေပြီး အစုလိုက်အပြုံလိုက် သေဆုံးမှုနှင့် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိမှုတို့ တိုးလျှက်ရှိကြောင်း မော်လမြိုင် လူမှုကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးကဆိုသည်။
“ ဒီရက်ပိုင်းယာဉ်တိုက်မှုအားလုံးနီးပါးက သေဆုံးသူတွေများတယ်။ ဆေရုံးရောက်ပြီးသေ၊ တစ်ရက်နှစ်ရက်နေပြီးရင်သေတယ်။ ဆေးရုံးရောက်ပြီးသေဆုံးသူကများတယ် အခုအထင်ကရ ဖြစ်စဉ်ဆိုရင် ကွေ့ကုန်းကဖြစ်တဲ့ ဖြစ်ရပ်ဆိုရင် ကောင်မလေးတစ်ယောက် ပွဲချင်းပြီးသေဆုံးတယ် နောက်နေ့ကျတော့ အဝိုင်းမှာ ထိခိုက်ဒဏ်ရာ ပုံစံမျိုးနဲ့ပဲ ဆေးရုံကိုပို့လိုက်တယ် နောက်ဆေးရုံရောက်တော့ ဆုံးတယ်။ ရက်တွေ ဆက်ပြီးသေဆုံးလာတယ်” ဟုဆိုသည်။
မော်လမြိုင်မြို့ပေါ်တွင် နှစ်စဉ်ယာဉ်တိုက်မှုဖြစ်စဉ် ၂၅၀ ဝန်းကျင်သာရှိသော်လည်း ယခုနှစ် ဇန်နဝါရီလ တစ်လအတွင်းမှာပင် ယာဉ်တိုက်မှုဖြစ်စဉ် ၄၀ ကျော်အထိ ရှိလာပြီးဖြစ်ကြောင်း သူကဆက်ပြောသည်။
ထို့အတူ သထုံမြို့နယ်တွင်လည်း အရှိန်လွန်မောင်နှင်သည့်ယာဉ်တို့ကြောင့် အခင်းနေရာ၌ ပွဲချင်းပြီးသေဆုံးသူက နေ့တိုင်းရှိနေသည်ဟု သထုံ လူမှုကယ်ဆယ်ရေး ခေါင်းဆောင်တစ်ဦးက ဆိုသည်။
“မွန်ပြည်နယ်ကလူတွေဆိုရင် မောင်းတာအရမ်းကြမ်းတယ်။ အရှိန်မထိန်းနိုင်အောင်ကို မောင်းကြမ်းကြတယ်။ အဲ့ကြောင့် သထုံခရိုင်မှာက ယာဉ်တိုက်မှုဖြစ်စဉ်တွေက ပွဲချင်းပြီးသေဆုံးသူတွေက နေ့တိုင်းပဲရှိနေတယ်။” ဟုဆိုသည်။
လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၏ စာရင်းအချက်အလက်အရ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း တစ်ပြည်နယ်လုံးအတိုင်းအတာအနေဖြင့်ယာဉ်တိုက်မှုအမျိုးမျိုးကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိနိုင်ကြောင်း ၎င်းလူမှုကယ်ဆယ်ရေးခေါင်းဆောင်က ဆက်ပြောသည်။
မွန်ပြည်နယ်တွင် မော်လမြိုင် – ရေး အဝေးပြေးလမ်းမပေါ်၊ မြို့လယ်အဝိုင်းပတ်နှင့် မီးပွိုင့်နေရာမျိုးတို့တွင် ယာဉ်တိုက်မှုအများဆုံးဖြစ်လေ့ရှိကြောင်းလည်း ဆိုထားသည်။
ယာဉ်မတော်တဆမှုဖြစ်စဉ်တိုးလာတာခြင်းသည် ယာဉ်စည်းကမ်းကိုချိုးဖောက်သည့် လုပ်ရပ်များဖြစ်သည့် ဆိုင်ကယ်ဦးထုပ်မဆောင်ခြင်း၊ အရှိန်လွန်မောင်းနှင်ခြင်း အရက်သေစာသောက်စားပြီးမောင်နှင်ခြင်းတို့ ကြောင့်ဖြစ်ပြီး မော်တော်ကားထက် မော်တော်ဆိုင်ကယ်များ ပို၍အဖြစ်များကြောင်း သိရသည်။
ထို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း သက်ဆိုင်ရာဌာနများအနေဖြင့် ယာဉ်စည်းကမ်းချိုးဖောက်သူများကို အရေးယူဆောင်ရွက်ခြင်း အားနည်းလာသည့်အပြင် ယာဉ်စည်းကမ်း လမ်းစးည်ကမ်း အသိပညာပေးဆောင်ရွက်ခြင်းများ မရှိတော့ကြောင်း သိရသည်။