မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာနှင့် ထင်းရှူးကျေးရွာဘက်သို့ စစ်ကောင်စီ စစ်ကြောင်းများ ဝင်ရောက်လာနေသည့်အတွက် တိုက်ပွဲများ ထပ်ဖြစ်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။
အနင်းကျေးရွာနှင့် ထင်းရှူးကျေးရွာရှိ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဇန်နဝါရီ ၃၁ ရက်နေ့က နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းမှာတော့ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များ စစ်ကား ၃ စီးဖြင့် အနင်းကျေးရွာဘက်သို့ ဝင်ရောက်လာသည့်အတွက် တိုက်ပွဲထပ်ဖြစ်လာမည်ကို စိုးရိမ်းနေကြပြီး အချို့ကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်လည်းရှိသည်ဟု အနင်းဒေသခံတစ်ဦးက ပြောသည်။
“ဒီလိုနှစ်ဖက်ပစ်ခတ်တာက တစ်ခါမှမဖြစ်ဖူးတော့ ဒီထက် ပိုဆိုးလာမှာကို စိုးရိမ်တယ်။ ရွာသားတွေကို ရွာကနေ ရှောင်ခိုင်းဖို့ကိုလည်း အုပ်ချုပ်ရေးမှူးကို သတင်းပေးထားတယ်။ တချို့က လယ်ဘက်၊ တောတောင်ဘက်၊ ကမ်းခြေဘက် ထွက်ပြေးကြကုန်ပြီး” ဟု ၎င်းက ဆိုသည်။
အလားတူ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် ထင်းရှူးကျေးရွာတွင်လည်း တိုက်ပွဲထပ်ဖြစ်လာမည်ကို စိုးရိမ်နေကြပြီး ထွက်ပြေးတိမ်းရှောင်သွားကြသူများလည်း ရှိနေသည်။
ထင်းရှူးဒေသခံ အမျိုးသမီးတစ်ဦးက “ရွာကလူတွေကတော့ ဒီလိုနှစ်ဖက်ပစ်ကြရင် လက်နက်ကြီးတွေနဲ့ ပစ်ရင် ရွာမီးလောင်မှာစိုးကြတယ်။ လေယာဉ်တွေနဲ့ပစ်မှာ စိုးကြတယ်။ တချို့ကတော့ ထွက်ပြေးတိမ်းရှောင်နေကြပြီး” ဟု ပြောသည်။
အနင်းကျေးရွာနှင့် ထင်းရှူးကျေးရွာ ရဲစခန်းကို မွန်ပြည်နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် တောင်ညိုစစ်ကြောင်းအပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း အသက် ၅၀ နှစ်အရွယ် အနင်းကျေးရွာခံ အမျိုးသားတစ်ဦးနှင့် အသက် ၄၅ အရွယ် အမျိုးသမီးတစ်ဦး ကျည်စထိမှန်ဒဏ်ရာရခဲ့ပြီး နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။


