မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် လျှပ်စစ်မီးတာခမဆောင်သည့် နေအိမ်များကို မီးကြိုးဖြတ်တောက်မှုရှိနေကြောင်း ကျိုက်ထိုဒေသခံတို့ထံမှ သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်း ဇန်နဝါရီလ ၂၀ ရက်နေ့ကစပြီး မီတာခမဆောင်သည့် အိမ်များကို မီးကြိုးလိုက်လံဖြတ်တောက်နေကြောင်း၊ အချို့ကို ဒဏ်ကြေးပေးဆောင်ပြီး မီးကြိုးပြန်တပ်ပေးသော်လည်း အချို့ကို အပြီးပိုင် ဖြတ်တောက်လိုက်သည်လည်းရှိသည်ဟု ဆိုသည်။
“မီးကြိုးဖြတ်နေတာ ကျိုက်ထို တစ်မြို့နယ်လုံးပါပဲ။ ဒါပေမဲ့ မြို့နဲ့ရွာကို ယှဉ်လိုက်ရင် ရွာမှာ ဖြတ်ခံရတာများတယ်။ ဘာလို့လဲဆိုတော့ ရွာမှာက မီးလင်းရေးကော်မတီက တစ်ရွာလုံးကို ကောက်ပြီး EPC ရုံးကို သွားပို့တာဆိုတော့ ပိုက်ဆံ အရေအတွက်အနည်းအများကိုကြည့်ပြီး ရုံးကလူတွေ ခန့်မှန်းလို့ရတယ်။ မြို့ဘက်မှာက သူတို့ကိုယ်တိုင် သွားပို့တာဆိုတော့ ပေးချေနေလား မပေးလားဆိုတာ သိပ်မသိနေဘူး” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ဆိုသည်။
ကျိုက်ထိုမြို့နယ်အတွင်းရှိ လူမနေသော နေအိမ်များကိုလည်း မီတာမဆောင်ရသည့်အတွက် မီတာပုံးဖြုတ်ခံရနေသည်လည်း ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ကျိုက်ထိုမြို့နယ်အတွင်း၌ စနစ်တကျ မီတာခကောက်ခံသူမရှိသည့်အတွက် ကျေးရွာအချို့တွင် ခန့်မှန်းကောက်ခံနေသဖြင့် မီတာခကုန်ကျသည်ထက် ပိုပေးရသည့်နေအိမ်များလည်းရှိသည်ဟု ဒေသခံတို့က ပြောသည်။
“တစ်ယူနစ်ကို ဘယ်လောက်ကျနေလဲမသိတော့ သူတို့ ခန့်မှန်းပြီးကောက်နေကြတယ်။ အိမ်တစ်အိမ်ကို ခြောက်ထောင်ဆို ခြောက်ထောင် တစ်သောင်းဆိုတစ်သောင်း သူတို့ပြောသလိုပေးရတာပေါ့။ တကယ့် ကုန်ကျသည့် ယူနစ်ကို ကြည့်ပြီး ကောက်တဲ့လူက ရှိမှမရှိတော့တာ” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
မီးကြိုးဖြတ်တောက်တာတွေ၊ မီတာပုံးဖြုတ်သိမ်းတာတွေကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တို့က လိုက်လံလုပ်ဆောင်နေပြီး ခြိမ်းခြောက်ပြောနေသည်လည်းရှိသည်ဟု သိရသည်။
