Homeသတင်းအာဏာသိမ်း ၃ နှစ်ကာလအတွင်း နေအိမ် ၈ သောင်းနီးပါး မီးရှို့ဖျက်ဆီးခံရ

အာဏာသိမ်း ၃ နှစ်ကာလအတွင်း နေအိမ် ၈ သောင်းနီးပါး မီးရှို့ဖျက်ဆီးခံရ

-

စစ်ကောင်စီတပ် အာဏာသိမ်းထားသည့် ၃ နှစ်နီးပါးကာလအတွင်း ပြည်သူများ၏ နေအိမ် ၈ သောင်းနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar ၏ အချက်အလက်များအရ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ နေအိမ်ပေါင်း ၇၈,၇၃၇ လုံးခန့် မီးရှို့ခံခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃  ခုနှစ်အတွင်း စစ်ကောင်စီတပ်က နေအိမ် ၂၉,၆၈၉ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ကြောင်း Data for Myanmar ၏ ဖော်ပြချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်မှ နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရသူ ဒေသခံတစ်ဦးက “တကယ်ဆိုလို့ရှိရင်က တော်လှန်တယ်ပေါ့ PDF တွေကို ရအောင် ရှာတိုက်လေ။ ဒါဆိုရင် အကိုတို့လက်ခံတယ်။ အခုဟာက အဲဒီလိုမဟုတ်ဘဲနဲ့ သူတို့က PDF ကို တွေ့အောင်လဲမရှာနိုင် ရအောင်လည်းမတိုက်နိုင်တဲ့အခါကျတော့ အကြောက်တရားလွှမ်းမိုးအောင် PDF တွေကို ထောက်ပံ့ကူညီပါတယ်ဆိုပြီးတော့ မထောက်ပံ့နိုင်အောင် အပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ အကိုတို့ အိမ်ဆိုလို့ရှိရင် လုံးဝပြာကျသွားတယ်။ ဘာမှလဲ မသယ်ဆောင်နိုင်လိုက်ဘူး။ ရှေးသမိုင်းအဆက်ဆက်မှာလဲ ဒီလိုယုတ်မှာမှုမျိုးမကြားခဲ့ရဖူးပါဘူး။ အခု သူတို့ကတော့ သူတို့အကုသိုလ်နဲ့သူတို့ပါပဲ” ဟု ဆိုသည်။

တနိုင်ငံလုံး မီးရှို့ခံရသည့် အိမ်ပေါင်း ၈ သောင်းခန့်တွင် စစ်ကိုင်းတိုင်းမှ ၆ သောင်းခန့်နှင့် မကွေးတိုင်းမှ တစ်သောင်းနှစ်ထောင်ကျော်ပါဝင်သည်။

၂၀၂၃ ခုနှစ်တွင် အာဏာသိမ်း ပထမ ၂ နှစ်အတွင်း မီးရှို့မခံရဖူးသော ဒေသအသစ်များတွင်ပါ မီးရှို့ခံခဲ့ရသည်။

ပြီးခဲ့သည့်နှစ်အတွင်း စစ်ကိုင်းတိုင်းတွင် နေအိမ် ၃၆,၅၃၀ လုံး၊ ဧရာဝတီတိုင်းတွင် အလုံး ၂၀ ခန့်၊ ပဲခူးတိုင်းတွင် ၁၇၁ လုံး၊ ကချင်ပြည်နယ်တွင် ၁၀၉၆ လုံး၊ ကရင်နီပြည်နယ်တွင် ၃၂၂ လုံး၊ ကရင်ပြည်နယ်တွင် ၁၄၅ လုံး၊ မန္တလေးတိုင်းတွင် ၁၅၀၁ လုံး၊ ရခိုင်ပြည်နယ်တွင် ၁၅၀ လုံး၊ တနင်္သာရီတိုင်းတွင် ၆၀၆ လုံး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၈ လုံး၊ ရန်ကုန်တိုင်းတွင် ၁ လုံးနှင့် မကွေးတိုင်းတွင် ၃၀၇၁ လုံး မီးရှို့ခံခဲ့ရကြောင်း အဆိုပါအဖွဲ့၏ အချက်အလက်များအရ သိရသည်။

Data for Myanmar ၏ အချက်အလက်များအရ ပြီးခဲ့သည့်နှစ်အတွင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် နေအိမ်မီးရှို့ခံရမှု အနည်းငယ်လျော့ကျခဲ့သော်လည်း အခြားဒေသများတွင် ယမန်နှစ်များထက် နေအိမ်မီးရှို့ခံရမှု ပိုမိုများပြားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts