Homeသတင်းရေးတွင် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ ထွက်ပြေးနေရ

ရေးတွင် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ ထွက်ပြေးနေရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတို့မှ လူနေကျေးရွာများဘက် လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ ထွက်ပြေးနေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ရေးမြို့အခြေစိုက် စစ်ကောင်စီ ခမရ ၅၈၈၊ ခလရ ၁၀၆ နှင့် အမြောက်တပ်ရင်းတို့မှ ဇန်နဝါရီလ ၂၀ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ရေးမြို့နယ် ကွမ်ဒူးကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဆိုသည်။

“ဆက်တိုက်ပဲ ပစ်နေတယ်။ ညပိုင်းဆို ပိုဆိုးတယ်။ ဆက်တိုက်ပဲ ပစ်နေတော့ကြောက်တယ်လေ။ ရွာမှာရှိတဲ့ အားလုံးနီးပါးက ပြောင်းကြကုန်ပြီး။ လူကို ထိတာမရှိပေမယ့် အိမ်အမိုးတွေ ထိတာတွေရှိတယ်” ဟု ထွက်ပြေးနေရသည့် ကွမ်ဒူးကျေးရွာခံတစ်ဦးက ဆိုသည်။

ကွမ်ဒူးကျေးရွာသည် ရေး-သံဖြူဇရပ်ကားလမ်းဘေးရှိ ကျေးရွာတစ်ရွာဖြစ်ပြီး အာယုတောင်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ ၃၄၃ နှင့် နီးစပ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်မှ လက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ကွမ်ဒူးကျေးရွာခံများ နီးစပ်ရာ သောင်ပြင်၊ အာယုတောင်ကျေးရွာဘက်သို့ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အထက်ပါ ကွမ်ဒူးဒေသခံ က ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီကြိုးတံတားဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

အဆိုပါကြိုးတံတားဂိတ်စခန်း တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တို့က ကနင်ကမော့၊ မော့ကနင်ကျေးရွာဘက်တွင် လုံခြုံရေးတင်းကြပ်ထားသည်ဟု လမိုင်းဒေသခံတစ်ဦးက ပြောသည်။

“ကြိုးတံတားဂိတ်တိုက်ပွဲရဲ့ အဆက်ကြောင့် အခု စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်။ အခု မော့ကနင် ကျေးရွာဘက်မှာဆိုရင် စစ်သားတွေ ကျေးရွာအတွင်းမှာ ချထားတာ အများကြီးပဲ။ လမ်းမှာ စစ်ဆေးနေတာကတော့ ပုံမှန် စစ်ဆေးနေကြတယ်” ဟု ၎င်းက ဆိုသည်။

ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲမကြာခဏ ဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်းရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts