Homeသတင်းစစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သထုံတွင် အရပ်သား ၄ ဦးသေ၊ ၆ ဦးဒဏ်ရာရ

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သထုံတွင် အရပ်သား ၄ ဦးသေ၊ ၆ ဦးဒဏ်ရာရ

-

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တက်တူကုန်းရွာထဲ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၄ ဦးသေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ကေအဲန်ယူဘက်က ထုတ်ပြန်သည်။

စစ်ကောင်စီ အမှတ် ၃၁၄ အမြောက်တပ်ရင်း တပ်စခန်းမှ ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်အချိန်ခန့်က လက်နက်ကြီး  ၂ လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာထဲ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တက်တူကုန်းရွာနေ အသက် ၄၉ နှစ်ရှိ ယားနော်မူ၊ အသက် ၂၂ နှစ်ရှိ နော်စန္ဒာ၊ ကြက်ခြေခတ်ရွာနေ အသက် ၃၅ နှစ်ရှိ နော်ကော်လာမုနှင့် ဒေါက်ရပ်ရွာမှ အသက် ၄၆ နှစ်ရှိ စစ်ဘေးရှောင် ဒေါ်တောသားတို့ ကျည်ထိမှန် သေဆုံးသွားခဲ့သည်။

၎င်းပြင် တက်တူကုန်းရွာနေ အသက် ၆၈ နှစ်ရှိ ဒေါ်ခင်သန်း၊ အသက် ၂၆ နှစ်ရှိ မဝါဝါသင်းနှင့် အသက် ၂ နှစ်အရွယ် မောင်ရဲရင့်နောင်၊ ကဒီပုရွာနေ အသက် ၄၃ နှစ်ရှိ စောမျိုးဇော်တို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြပြီး၊ အသက် ၄၀ နှစ်ရှိ ဒေါ်ခင်ဝင်းလှိုင်နှင့် တောင်စွန်းရွာနေ အသက် ၂၂ နှစ်အရွယ် အမည်မသိခရီးသွား ၁ ဦးတို့လည်း မစိုးရိမ်ရ ဒဏ်ရာအသီးသီး ရရှိခဲ့ကြသည်ဟု ကေအဲန်ယူက ဆိုထားသည်။

“ပထမ တစ်လုံးကျပေါက်တဲ့အချိန်မှာ ထိခိုက်တဲ့လူရှိတယ်ဆိုပြီး ဝိုင်းအုံ လာကြည့်ကြတာ ခနနေ နောက်တစ်လုံးထပ်ကျတော့ လူစုနေသလိုဖြစ်နေတာလေ အဲ့မှာ ထိခိုက်ကုန်ကျတာဘဲ” ဟု ကေအဲန်ယူ-သထုံမြို့နယ်တာဝန်ခံက ပြောသည်။

ထိခိုက်သေဆုံးသူများထဲတွင် တက်တူကုန်းရွာသားအချို့ပါဝင်သလိုအခြားဒေသက စစ်ဘေးရှောင်လာသူ၊ အလုပ်လာသူနှင့် ခရီသွားတစ်ဦးလည်း ပါဝင်သည်ဟု ထုတ်ပြန်ပါရှိသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တက်တူးကုန်းရွာမှ နေအိမ် ၆ လုံး၊ အခြေခံမူလတန်းကျောင်းအဆောက်အဦး ၂ လုံး၊ ရေစင်နှင့် နတ်စင်တို့လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွင် ၂၀၂၃ ခုနှစ် တနှစ်အတွင်း စစ်ကောင်စီတပ် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အရပ်သား ၂၀၀ နီးပါး သေဆုံးသွားခဲ့သည်ဟု KNU ဗဟိုက ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts