မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်နှင့် မြို့အဝင်အထွက်နေရာတို့တွင် စစ်ဆေးမှု ပိုမိုတင်းကျပ်လာသည်ဟု မြို့ခံတို့ထံမှ သိရသည်။
မော်လမြိုင်မြို့ပေါ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလလယ်ခန့်မှစပြီး ဖြတ်သန်းသွားလာနေသည့် ဆိုင်ကယ်၊ မော်တော်ယာဉ်များကို စစ်ဆေးလာကြောင်း အထူးသဖြင့် လက်ကိုင်ဖုန်းများကို အဓိကထား စစ်ဆေးနေကြောင်း မြို့ခံတို့ထံမှ သိရသည်။
“အခုက တော်တော်စစ်ဆေးတာ အရင်တုန်းကတော့ အဲ့လောက်ထိမစစ်ပါဘူး။ မော်တော်ပီကယ်တွေရော၊ ရဲတွေရော၊ စစ်သားတွေပါ ပေါင်းပြီးစစ်ဆေးတယ်။ အဝိုင်းတွေမှာဆို နေ့တိုင်းပါပဲ။ ဖုန်းဖွင့်ခိုင်းပြီးတော့ စစ်ဆေးတာ အခုက နေ့ရော၊ ညရောပဲ စစ်တယ်။ တောင်ဝိုင်းဘက်၊ တက္ကသိုလ်အနားတစ်ဝိုက်၊ ကျိုက်မရောသွားတဲ့ဘက် စစ်တာများတယ်” ဟု မော်လမြိုင်မြို့ပေါ် နေထိုင်နေသူတစ်ဦးက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တို့က ဆိုင်ကယ် ဘောက်စ်ဖွင့် စစ်ဆေးတာ၊ လိုင်စင် ပါ၊ မပါ စစ်ဆေးသလို တစုံတရာ မတွေ့ပါကလည်း အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်တောင်းခံမှုများလည်း ရှိနေသည်ဟု မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်နေသူတစ်ဦးက ပြောသည်။
“စစ်ရင် အနည်းဆုံး ၁၅ မိနစ်လောက် ကြာတယ်။ ဘယ်သွား၊ ဘယ်ကလာလဲ မေးတယ်။ ယောင်္ကျားလေးဆို ပိုမေးခံရတယ်။ စစ်တာ ဘာမှ မတွေ့ရင်လည်း တစ်ခုခုအကြောင်းပြပြီး ပိုက်ဆံတောင်းတယ်” ဟု ၎င်းက ပြောသည်။
မော်လမြိုင်တက္ကသိုလ်အနီးတစ်ဝိုက်တွင်လည်း လုံခြုံရေးအကြောင်းပြပြီးစစ်ဆေးမှု တင်းကျပ်စွာ လုပ်ဆောင်လာသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့တို့မှ ယခုလို မြို့တွင်း လုံခြုံရေးတိုးမြှင့်ထားပြီး စစ်ဆေးမှုလည်း တင်းကျပ်ထားသည့်အတွက် ဒေသခံများသွားလာရေး အခက်အခဲကြုံတွေ့နေကြရပြီး ဖမ်းဆီးခံရမည်ကိုလည်း စိုးရိမ်နေကြသည်။
မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရသည် နိုဝင်ဘာလ ၁၆ ရက်နေ့နောက်ပိုင်း မော်လမြိုင်မြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားသည့်အပြင် မြို့အဝင်အထွက်နေရာများတွင်လည်း စစ်ဆေးမှုတင်းကျပ်ထားသည်။
