Homeသတင်းစစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရေးဒေသခံတစ်ဦး ဒဏ်ရာရပြီး အများအပြား ထွက်ပြေးနေရ

စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရေးဒေသခံတစ်ဦး ဒဏ်ရာရပြီး အများအပြား ထွက်ပြေးနေရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် စစ်ကောင်စီတပ် ခမရ ၅၉၁ နှင့် ခမရ ၅၈၃ တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး၊ အများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျောင်းရွာအခြေစိုက် စစ်ကောင်စီတပ် ခမရ ၅၉၁ နှင့် ခမရ ၅၈၃ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က လက်နက်ကြီးများအပြင် ဒရုန်းဖြင့်ပါ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ရင်းဘက်မှ ကျောင်းရွာ၊ အိုင်ရှည်နှင့် ကမ်းနီကျေးရွာဘက်ကို လက်နက်ကြီးဖြင့် အကြိမ်ရေ ၃၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အိုင်ရှည်ကျေးရွာမှ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံအများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

“စစ်တပ်နဲ့နီးတဲ့ ရွာအရှေ့ပိုင်းက ရပ်ကွက်တွေ၊ အရှေ့ကျောင်းကို ရွှေ့ကုန်ကြပြီ။ရွာထဲမှာ မပေါက်သေးတဲ့ လက်နက်ကြီးတွေလည်းရှိနေတယ်” ဟု ကျောင်းရွာကျေးရွာခံတစ်ဦးက ပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုများလည်း ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ယခုနှစ်သစ်ကစပြီး ရေးမြို့နယ်အတွင်း စစ်ဆင်ရေးအရှိန် မြှင့်တင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts