Homeသတင်းမော်လမြိုင်တွင် တရားမဝင် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချသည့်အမျိုးသမီးတစ်ဦး ဖမ်းဆီးအရေးယူခံရ

မော်လမြိုင်တွင် တရားမဝင် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချသည့်အမျိုးသမီးတစ်ဦး ဖမ်းဆီးအရေးယူခံရ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တရားမဝင် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချနေသည့် အမျိုးသမီးတစ်ဦး ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖမ်းဆီးအရေးယူခံရကြောင်း သိရသည်။

မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက်နေ အသက် ၃၈ နှစ်အရွယ် မအေးဒါလှိုင်ဆိုသူသည့် အမျိုးသမီးသည် ရွှေမြိုင်သီရိရပ်ကွက်၊ လမုတန်းဈေးအနီးတွင် စက်သုံးဆီရောင်းချနေသည်ဟု ရပ်ကွက်နေသူတို့ထံမှ သိရသည်။

“မအေဒါလှိုင်က Facebook ပေါ်မှာ သူ့ဖုန်းနံပါတ်နဲ့ စက်သုံးဆီ ဝယ်ယူလိုပါက ဆက်သွယ်နိုင်ကြောင်း တင်ထားတာတွေ့တော့ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးတဲ့အခါမှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ စက်သုံးဆီတွေကို သိုလှောင်ထားပြီး ကာလပေါက်ဈေးထက် ကျော်လွန်တဲ့ဈေးနှုန်းနဲ့ လိုက်လံ ဖြန့်ဖြူးရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိထားတယ်” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ ပြတ်လပ်မှုကြုံတွေ့လာရပြီးနောက် အပြင်တွင် တရားမဝင် စက်သုံးဆီရောင်းချလာသူတွေလည်း ရှိလာသည်ဟု မော်လမြိုင်မြို့ခံတို့ထံမှ သိရသည်။

ယင်းဈေးကွက်အတွင်းမှာတော့ ဓါတ်ဆီတစ်လီတာလျှင် ၄၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ဈေးတင်ရောင်းနေကြသည်ဟု သိရသည်။  

“လမုတန်းဘက်မှာတော့ ညနေပိုင်း စက်သုံးဆီ ရောင်းနေတာတွေ့တယ်။ ညနေပိုင်းဆိုင်လေးတွေ ထွက်လာတယ်။ စီးပွားဖြစ် လုပ်စားနေကြသလိုဖြစ်နေတာ” ဟု မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စက်သုံးဆီ တရားမဝင်ရောင်းချနေသည့် မအေးဒါလှိုင်ကို စစ်ကဲကုန်းနယ်မြေရဲစခန်းတွင် (ပ) ၁၀၄/၂၀၂၃၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ – ၃၇ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မွန်ပြည်နယ်တွင် စက်သုံးဆီကို ရန်ကုန်မြို့မှတစ်ဆင့် တင်သွင်းဖြန့်ဖြူးရောင်းချကြပြီး စက်သုံးဆီမဝင်တော့သည့်အတွက် စက်သုံးဆီ ပြတ်လပ်ပြီး ဆိုင်အချို့ ပိတ်ထားရသည်လည်း ရှိသည်။

စက်သုံးဆီရရန် နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းနေရသည့်အပြင် အချို့ကလည်း အကန့်အသတ်ဖြင့် ရောင်းချပေးနေကြောင်း ဆီစျေးလည်း မြင့်တက်လာသည့်အတွက် ကားသမားများ၊ ဆိုင်ကယ်သမားများအတွက် အခက်အခဲကြုံတွေ့နေကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts