Homeသတင်းရော်ဘာခြံလုပ်သားများ ထောက်ခံစာဖြင့် အလုပ်လုပ်နေရ

ရော်ဘာခြံလုပ်သားများ ထောက်ခံစာဖြင့် အလုပ်လုပ်နေရ

-

မွန်ပြည်နယ်အတွင်းက ရော်ဘာလုပ်သားများ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံစာဖြင့် ရော်ဘာလုပ်ငန်း လုပ်ကိုင်နေကြရသည်ဟု ရော်ဘာလုပ်သားများထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်နယ်အတွင်းက မြို့နယ်အများစုကို စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး ညပိုင်း ရော်ဘာအစေးခြစ်သည့် လုပ်သားများအတွက် အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့လာခဲ့ရသည်။

ယင်းအခြေအနေတွင် ရော်ဘာအစေးခြစ်သူများ ညဘက်သွားလာနိုင်ရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ထောက်ခံစာပြုလုပ်ပြီး ရော်ဘာအစေးသွားခြစ်ရသည်ဟု ဆိုသည်။

ထောက်ခံစာလုပ်ထားခြင်းအားဖြင့် ရော်ဘာခြစ်သမားများ ညဘက် သွားလာရာတွင် လုံခြုံမှုရှိနိုင်သည်ဟု မုဒုံမြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“ပြောရမယ်ဆိုရင်တော့ ခြံသမားတိုင်းက လုပ်ရတယ်။ တချို့လူတွေက ခြံမှာညအိပ်တဲ့လူရှိသလို အသွားအပြန်လုပ်တဲ့လူရှိနေတယ်။ ပြီးတော့ တချို့ခြံတွေက စစ်တပ်ကို ဖြတ်ပြီးမှ သွားရတာဆိုတော့ ထောက်ခံစာက လိုအပ်နေတယ်။ တကယ်လို့ ထောက်ခံစာမလုပ်ထားရင် သူတို့(စစ်တပ်)ဘက်က အဖျက်သမားလား စသဖြင့် ကြိုက်သလို သူတို့ သတ်မှတ်လို့ရတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် မြို့နယ်များအနက် ချောက်ဆုံမြို့နယ်ကို ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်ပြီး မုဒုံ၊ သံဖြူဇရပ်၊ သထုံနှင့် ပေါင်မြို့နယ်ကိုတော့ ညမထွက်ရအချိန်ကို ည ၁၂ နာရီမှ နံနက် ၄ နာရီဆိုပြီး ပြန်လည်ဖြေလျှော့ခဲ့သည်။

ညမထွက်ရအမိန့် ရုတ်သိမ်းလိုက်သော်လည်း ညဘက် ရော်ဘာအစေးခြစ်လုပ်ကိုင်ရန်အတွက် ထောက်ခံစာယူနေရဆဲဖြစ်ကြောင်း အထူးသဖြင့် စစ်ကောင်စီတပ်စခန်းဖြတ်ပြီး သွားရသည့် ခြံသမားများ မဖြစ်မနေ ထောက်ခံစာယူရကြောင်း ချောင်းဆုံဒေသခံတို့ထံမှ သိရသည်။

နယ်မြေမတည်ငြိမ်မှုကြောင့် ပြီးခဲ့သည့်နှစ်က ရော်ဘာလုပ်ငန်း ရပ်နားခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည့် ရေးမြို့နယ်မှာတော့ ယခုနှစ်ပွင့်လင်းရာသီတွင် ရော်ဘာလုပ်ငန်း ပြန်လည်လုပ်ကိုင်လာကြောင်း ရေးမြို့က ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

“ရော်ဘာခြံတွေ အများစုက ဖွင့်နေကြပြီး။ ခြံကို ပစ်ထားတာက နည်းလာတယ်” ဟု ဆိုသည်။

ယခုနှစ်တွင် လုပ်သားရှားပါးမှုကြောင့် ရော်ဘာလုပ်ငန်းများတွင်လည်း အလုပ်သမားရှာရခက်သည့် အခက်အခဲကြုံတွေ့နေရသည်ဟု ရော်ဘာလုပ်ငန်း လုပ်ကိုင်သူတို့ထံမှ သိရသည်။

ယခုနှစ် ပွင့်လင်းရာသီအစတွင် ရော်ဘာတစ်ပေါင် ၁၈၀၀ ကျပ်အထိစျေးကောင်းရခဲ့သော်လည်း နိုဝင်ဘာလဆန်းပိုင်းမှာတော့ ရော်ဘာတစ်ပေါင် ၁၂၀၀ နှင့် ၁၄၀၀ ကျပ်ကြာသာ ပေါက်စျေးရှိနေသည်ဟု ရော်ဘာလုပ်ငန်းလုပ်ကိုင်နေသူတို့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် ရော်ဘာကိုအဓိက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ် လုပ်ကိုင်ကြပြီး ပြည်နယ်တစ်ခုလုံးတွင် ရော်ဘာစိုက်ပျိုးမြေဧက ၅ သိန်းကျော်ရှိသည်။

မွန်ပြည်နယ်မှ ထွက်သည့်ရော်ဘာများကို ထိုင်းနှင့်တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည်ဟု ပြည်နယ်ရော်ဘာလုပ်ငန်းရှင်များအသင်းမှသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts