မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲသည်ဆိုပြီး ဖမ်းဆီးခံထားရသည့် လူငယ်များ စစ်မှုထမ်းသင်တန်း အပို့ခံရမည်ကို စိုးရိမ်ကြောက်ရွံ့နေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က မူးယစ်ဆေးဝါး သုံးစွဲသည်ဆိုပြီး လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးနေကြောင်း၊ ဖမ်းဆီးခံရသည့် လူငယ်များကို စစ်မှုထမ်းသင်တန်းပို့မည်ဟု ပြောဆိုထားကြောင်း ဖမ်းဆီးခံရသည့် လူငယ်တို့နှင့် နီးစပ်သူတို့ထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်၌ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာထဲကို စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များ ကားဖြင့် ဝင်ရောက်လာပြီး လူငယ်များရှိသည့်နေရာကို သေနတ်ဖြင့် ခြောက်လှန့် ဝိုင်းဖမ်းသောကြောင့် လူငယ် ၆ ဦး အဖမ်းခံလိုက်ရသည်ဟု တရနာရွာခံတစ်ဦးက ဆိုသည်။

“အဖမ်းခံရတာက ၆ ယောက်ပေါ့နော်၊ တစ်ယောက်က အသက်မပြည့်သေးလို့ ပြန်လွှတ်ပေးတယ်။ နောက်တစ်ယောက်က သူမူးယစ်ဆေးဝါးကြောင်နေပြီးသားမလို့ ညှိပြီး ပြန်လွှတ်တယ်။ ၄ ယောက် ကျန်တယ်။ အဲ့ထဲက တစ်ယောက်က ပြေးလို့ သူတို့ ရိုက်နှက်ထားတော့ ဆေးရုံတင်ထားရတယ်။ မူးယစ်ဆေးမှုနဲ့ အဖမ်းခံရလျှင် စစ်သင်တန်းပို့မယ်လို့လည်း ပြောဆိုထားတာ ရှိတယ်” ဟု ၎င်းက ပြောသည်။
ယခင်က ဖမ်းဆီးခံရလျှင် ငွေပေးပြီး ပြန်လွှတ်ပေးသော်လည်း လက်ရှိတွင် ဖမ်းဆီးခံရသူများ ငွေပေးလည်း ပြန်မလွှတ်ပေးကြောင်း စစ်မှုထမ်းသင်တန်း ပို့မည်ဟုသာ ပြောဆိုကြောင်း အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။
စစ်တပ်၊ ရဲတပ်ဖွဲ့တို့က ဒေသတွင်းက မူးယစ်ဆေးဝါး ရောင်းချသူ၊ ရောင်းချသည့်နေရာ အတိအကျ သိသော်လည်း ၎င်းတို့ကို မဖမ်းဆီးပဲ သုံးစွဲသူ အထူးသဖြင့် လူငယ်များကို မူးယစ်ဆေးဝါး သုံးစွဲသည်ဆိုပြီး ပစ်မှတ်ထား ဖမ်းဆီးနေသည်ဟုလည်း ဒေသခံတို့က ပြောသည်။
“ရောင်းတဲ့သူတွေကို နေရာအတိအကျ ဆိုင်ကအစ ဘယ်လိုရောင်းနေလဲဆိုတာလည်း သိတယ်။ မဖမ်းဘူး။ သုံးတဲ့သူတွေကိုပဲ လိုက်ဖမ်းနေတယ်။” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကျိုက်မရောမြို့နယ်၊ တရနာ၊ ကော့ကသော်ရွာတို့တွင် မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် လူငယ် ၁၀ ဦးခန့်ကို စစ်တပ်နှင့်အဖွဲ့တို့က ဖမ်းဆီးသွားခဲ့သေးသည်။
မူးယစ်ဆေးဝါး အကြောင်းပြပြီး ဒေသတွင်းက လူငယ်များကို ဆက်တိုက်ဖမ်းနေသည့်အပြင် ဖမ်းဆီးခံရသူများကို စစ်မှုထမ်းသင်တန်း ပို့မည်ဆိုသည့်အတွင် လူငယ်များ လုံခြုံမှုမရှိတော့သည့်အခြေအနေဖြစ်နေသည်ဟု ဒေသခံတို့က ပြောသည်။




