Homeသတင်းပဲခူးတွင် ရေဘေးသင့် မသန်စွမ်း တစ်ရာကျော် အကူအညီလိုအပ်နေ

ပဲခူးတွင် ရေဘေးသင့် မသန်စွမ်း တစ်ရာကျော် အကူအညီလိုအပ်နေ

-

ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ရေဘေးသင့် မသန်စွမ်း တစ်ရာကျော် အရေးပေါ် အကူအညီလိုအပ်နေကြောင်း မသန်စွမ်းများအတွက် အကူအညီပေးနေသူတို့ထံမှ သိရသည်။

ပဲခူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ မြင့်တက်လာတာသည့်အပြင် ဇောင်းတူဆည် စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ရေများလွှတ်ချနေသည့်အတွက် အောက်တိုဘာလ ၈ ရက်နေ့မှစကာ ပဲခူးမြို့ပေါ်ရှိ ရက်ကွက် ၁၁ ခုနှင့် ကျးရွာ ၆ ရွာတို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်။

ရေကြီးရေလျှံမှုကြောင့် ပြည်သူ ၁၃၀၀၀ ခန့် အရေးပေါ်ပြောင်းရွှေ့ထားရပြီး ၎င်းထဲတွင် မသန်စွမ်း တစ်ရာကျော် ပါဝင်နေကြောင်း အရေးပေါ် အကူအညီလိုအပ်လျှက်ရှိကြောင်း မွန်ပြည်နယ် မသန်စွမ်းသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ရေဘေးသင့်ပြီးဆိုတာက ကျနော်တို့မသန်စွမ်းသူတွေနဲ့ အခြားသန်စွမ်းတဲ့သူတွေက ကွာခြားမှုရှိတယ်လေ။ စားတာ၊ သောက်တာကအစ အိမ်သာသွားတာကအစ အခြားသူနဲ့မတူဘူး။ နီးစပ်ရာမှာ သွားတည်းရတာလည်း အဆင်မပြေဘူး။ အဲ့တော့သူတို့တွေ အဆင်ပြေနိုင်ဖို့ အကူအညီတွေ အများကြီးလိုနေတယ်” ဟု ဆိုသည်။

လက်ရှိတွင် ရေဘေးသင့် မသန်စွမ်းသူများအတွက် နေရာထိုင်ခင်း၊ မသန်စွမ်းကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ စားနပ်ရိက္ခာများ၊ ဆေးဝါးများ လိုအပ်လျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့က ကျိုက်ထိုရေဘေး ရပ်ကွက်ဆီကို သွားလှူနေဆဲပါ။ အခုဆို ကျနော်တို့ဆီကိုလှမ်းပြီးအကူအညီးတောင်းထားတာရှိတယ်။ အဲ့တော့ မသန်စွမ်းမောင်နှမအချင်းချင်း ကျနော်တို့မွန်မသန်စွမ်းအဖွဲ့ အင်အားနဲ့ ကူညီသွားဖို့ရှိပါတယ်” ဟု အထက်ပါ မသန်စွမ်းအသင်း တာဝန်ရှိသူက ပြောသည်။

ပဲခူးမြို့တွင် ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းမှာတော့ ရေပြန်ကျနေပြီးဖြစ်သော်လည်း အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဆက်လက်တည်ရှိနေဆဲဟု မြို့ခံတို့ထံမှ သိရသည်။

အုပ်ချုပ်ရေးရုံးစာရင်းအရ ပဲခူးမြို့နယ်အတွင်း မသန်စွမ်းဦးရေ ၁၄၀၀ ကျော်ရှိနေပြီး ရေဘေးသင့်မသန်စွမ်းသူများအတွက် ကူညီကြရန် မသန်စွမ်းသူများအသင်းချုပ်က လူမှုကွန်ရက်စာမျက်နှာမှတဆင့် နှိုးဆော်ထားသည်။

အလားတူ မွန်ပြည်နယ် ကျိုက်ထို၊ သထုံမြို့နယ်အတွင်း၌လည်း ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး မသန်စွမ်းအချို့ ရေဘေးသင့် ဒဏ်ခံနေရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts