Homeသတင်းခေါဇာမြို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ်ကို ကျပ် ၂၀၀၀ ကျော်အထိ ဖြစ်လာ

ခေါဇာမြို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ်ကို ကျပ် ၂၀၀၀ ကျော်အထိ ဖြစ်လာ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ခေါဇာမြို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ်ကို ၂၀၉၀ ကျပ်အထိ ဖြစ်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။

ခေါဇာမြို့တွင် ၂၀၂၃ ခုနှစ်  သြဂုတ်လအထိ လျှပ်စစ်မီတာခ တစ်ယူနစ်ကို ၁၈၀၀ ကျပ် ကောက် ခံရာမှ စက်တင်ဘာလကစပြီး တစ်ယူနစ် ၂၀၉၀ ကျပ်ဖြင့် ထပ်မံတိုးမြှင့်ကောက်ခံလာခြင်းဖြစ် သည်ဟု ဒေသခံများက ပြောသည်။

“ဓာတ်ဆီဈေးတက်တဲ့အချိန်မှာ တစ်ယူနစ် ၁၈၀၀ ကျပ် ပေးရတယ်၊ အခု ဒီလက ဓာတ်ဆီဈေး ကျနေပြီလေ။ ယူနစ်မီတာခက  ပိုပြီး စျေးတက်လာတယ်။ အဆင်မပြေဘူး။ ဈေးတက်လည်း ပေးရတာပေါ့၊ တချို့စျေးမတတ်နိုင်တော့ မီးဖြတ်လိုက်ရတယ်။ ဆိုလာသုံးတဲ့ လူလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ခေါဇာမြို့အတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဦးအောင်ကျော်စန်းဆိုသူက လျှပ်စစ်မီး ဖြန့်ဖြူးရောင်းချပေးနေတာဖြစ်ပြီး မီတာခ စျေးနှုန်းမြင့်တက်လာသည့်အတွက် သုံးစွဲသူမြို့ခံ တို့အကြား အခက်အခဲကြုံတွေ့လာရသည်ဟု ဒေသခံတို့က ပြောသည်။

“မီးပူလည်း မတိုက်ဘူး၊ ရေလည်း မဆွဲဘူး၊ မီး ၃၊ ၄ လုံးဘဲ  ဖွင့်တယ်။ တစ်လ ၄၀၀၀၀ ထိတယ်။ စားစရာတောင်မရှိဘူး၊ မီတာလည်း မဖတ်တတ် ဆယ်ယူနစ်လောက် ကို သူတို့ အပိုကောက်လိုက်တယ်။ ပိုက်ဆံမရှိလည်း ပေးရတာပေါ့။ ယူနစ်အပိုကောက်တာက တချို့ မတတ်နိုင်ကြဘူးလေ။ ရွာမှာ လူအများကြီးထိတယ်။” ဟု ဒေသခံတစ်ဦးက ပြောပြသည်။

လက်ရှိ ရေးမြို့နယ်အတွင်း အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဓာတ်ဆီဈေးနှုန်း ၉၂ တစ်လီတာကို ၁၉၉၅ ကျပ်၊ ၉၅ တစ်လီတာကို ၂၂၀၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ၂၃၃၅ ကျပ်နှင့် ပရိမီယမ်ဒီဇယ်တစ်လီတာကို  ၂၃၈၀ ကျပ်ဖြင့် အကျဘက်သို့ ဦးတည်လာသည်ဟု သိရသည်။

မဟာဓါတ်အားလိုင်းမရောက်သည့် ရေးမြို့နယ်အတွင်း၌ လျှပ်စစ်မီးဖြန့်ဖြူးရေးကိုပုဂ္ဂလိကကုမ္ပဏီနှင့် ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထစနစ်တို့ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးရေး လုပ်ဆောင်နေကြကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts