ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသူများအတွက် အကူအညီပေးနိုင်ရေး စစ်ကောင်စီအနေဖြင့် လမ်းဖွင့်ပေးရန် လိုအပ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအတွက် အကူအညီပေးနိုင်ရေး UN အပါအဝင်၊ နိုင်ငံတကာအဖွဲ့အစည်းအချို့နှင့် ပြည်တွင်းအဖွဲ့အစည်းများက ကြိုးပမ်းမှုများကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်မှုများ ရှိနေသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “SAC အနေနဲ့ကတော့ သူတို့ကိုယ်တိုင် မလုပ်နိုင်ရင်လည်း ဆွေးနွေးဖက်ဖြစ်တဲ့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကို လုပ်နိုင် ကိုင်နိုင်အောင် လမ်းဖွင့်ပေးတာတွေလည်း ရှိပါတယ်။ အဲဒီ လမ်းဖွင့်ပေးလို့ရှိရင် ကျနော်တို့က IDP တွေ၊ စစ်ပြေး၊ စစ်ရှောင်တွေ ဒုက္ခသည်တွေကို ကူညီနိုင်တာပေါ့ဗျာ” ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ နိုင်ငံတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာပြီး ပြည်သူလူထုများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် အကူအညီပေးနိုင်ရေး ပြည်တွင်းလမ်းကြောင်းထက် နယ်စပ်ဖြတ်ကျော်၍ အကူအညီပေးခြင်းက အဆင်ပြေနိုင်ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်မှ စောလေးကပေါက ပြောသည်။
“ကျနော်တို့ မြင်တာကတော့ လက်ရှိ အနေအထားမှာ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်တဲ့ဖက်ကနေ စစ်ဘေးရှောင်အတွက် လိုအပ်တဲ့ အကူအညီတွေကို ပိုပြီးတော့ ထောက်ပံ့ပေးနိုင်ရင် ပိုကောင်းမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းဖက်ခြမ်းမှာ သွားနေတဲ့ဟာတွေက အဆင်မပြေနေဘူးပေါ့နော်၊ UN တို့ စာရင်းဇယားမှာ ပြန်ကြည့်ရင်လည်း လူသားချင်းစာနာမှုအကူအညီတွေ သူတို့ ထောက်ပံ့နေတာပဲ၊ သူတို့ ရောက်နေတဲ့ဟာက အကန့်အသတ်ရှိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စကစတို့ရဲ့ ခွင့်ပြုတဲ့ နေရာဒေသအောက်မှာပဲ Operation လုပ်နေရတယ်၊ UN တို့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း ပြည်တွင်းထဲမှာ လုပ်ရင်တော့ စစ်ဘေးရှောင်တွေ ပိုမိုပြီးမှ ကျပ်တည်းမှုတွေ ဖြစ်လာတယ်၊ အဲဒါကြောင့်မို့ နယ်စပ်ဖြတ်ကျော်ကနေ တဆင့် သွားမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်လို့တော့ ကျနော်တို့ အကြံပြုလိုပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ လူဦးရေး ၂ သန်းနီးပါး နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီများ လိုအပ်လျက်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) က အောက်တိုဘာ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။
လက်ရှိ ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် အိုးအိမ်စွန်ခွာထွက်ပြေးရမှု၊ အရပ်သားသေဆုံးမှုနှင့် အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ရှိရင်းစွဲ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားစေကြောင်းလည်း UNOCHA ထုတ်ပြန်ထားသည်။