Homeသတင်းတောင်ပျောက်တိုက်နယ်ထဲ စစ်တပ်စစ်ကြောင်းဝင်လာလို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

တောင်ပျောက်တိုက်နယ်ထဲ စစ်တပ်စစ်ကြောင်းဝင်လာလို့ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

-

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီစစ်ကြောင်းက တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီးရွာ ရဲစခန်းသို့ ရောက်ရှိပြီး အလယ်စုရွာနှင့် ဝင်းကဖော်ရွာထဲကို စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးဝင်ရောက်လာသည်ဟု ဆိုသည်။

“စစ်ကြောင်းထိုးတော့မယ်ဆို သူတို့က သဲချောင်းကြီးရဲစခန်းမှာ အရင်အင်အားစုလေ့ရှိတယ်။ အဲဒါသိလို့ ပြည်သူတွေကလည်း မနက်နေရောင်မြင်ကတည်းက ရွှေ့ရခက်တဲ့ သက်ကြီးရွယ်အိုတွေကို ရွှေ့နေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့က ဒေသခံအမျိုးသားအချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်း ရှိနေသည်ဟု ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတာကြောင့် သဲချောင်းကြီးရွာနှင့် အနီးရှိ ကျွဲခြံရွာ၊ အလယ်စုရွာအပါအဝင် တောင်ပျောက်တိုက်နယ်ထဲရှိ ကျေးရွာ ၉ ရွာမှ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

“ဖြတ်လေးဖြတ် ဖြတ်ထားတာကလည်း နှစ်နှစ်ကျော်သွားပြီဆို‌တော့ ပြည်သူတွေက ကိုယ့်အိုး ကိုယ့်အိမ်တွေဆီ ပြန်နေကြတာတော့ရှိတယ်။ အခုတော့ အကုန်ပြန်ရှောင်နေရပြီ” ဟု တောင်ပျောက် တိုက်နယ်က အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် တောင်ပျောက်တိုက်နယ်တွင် စစ်ကောင်စီတပ် မကြာခဏစစ်ကြောင်းထိုးဝင်ရောက်လေ့ရှိသော်လည်း ၂၀၂၂ နှစ်ကုန်ပိုင်းကနေစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်မှုမရှိပဲ ယခုအခါ တစ်ကျော့ပြန်စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းလည်း ဒေသခံတို့က ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts