Homeသတင်းမွန်သင်ရိုးညွှန်းတမ်းအသစ်ကို ယခုပညာသင်နှစ်အတွင်း စတင်မိတ်ဆက်ပေးသွားမည်

မွန်သင်ရိုးညွှန်းတမ်းအသစ်ကို ယခုပညာသင်နှစ်အတွင်း စတင်မိတ်ဆက်ပေးသွားမည်

-

မွန်ပြည်သစ်ပါတီ မွန်အမျိုးသားပညာရေးဌာနအောက်ရှိ မွန်အမျိုးသားအလယ်တန်းနှင့် မူလတန်းကျောင်းအတွက် သင်ရိုးညွှန်းအသစ်တစ်ခုကို ယခု ပညာသင်နှစ်အတွင်း စတင်မိတ်ဆက်ပေးသွားမည်ဟု မွန်အမျိုးသားပညာရေးဌာနထံမှ သိရသည်။

မွန်သင်ရိုးညွှန်းတမ်းအသစ်ကို မွန်အမျိုးသားပညာရေးဌာနနှင့် ကဏ္ဍစုံမှ မွန်စာပေအသင်းတို့ ပူးပေါင်း ရေးဆွဲခဲ့ပြီး ယခု ပညာသင်နှစ်အတွင်း စတင်မိတ်ဆက်ပေးသွားမည်ဟု မွန်အမျိုးသားပညာရေးဌာနမှ တာဝန်ရှိသူ နိုင်ရော့ကကောင်းက ပြောသည်။

ဒီသင်ရိုးညွှန်းတမ်းကို ရေးဆွဲနေတာကြာပြီး။ အရင်က မွန်ဖတ်စာတစ်ဘာသာပဲ ရေးတယ်။ နောက်မှ သင်ရိုးညွှန်းတမ်းက ကလေးတွေအတွက် အရမ်းအရေးပါတယ်ဆိုတာကို နားလည်လာတယ်။ အဲတော့ သင်းရိုးညွှန်းမူဘောင်ဆွဲတယ်။ အဲဒါကိုအခြေခံပြီးမှ ဘာအကြောင်းအရာကို ထည့်သွင်းသွားမလဲဆိုတာကို ဆွေးနွေးတယ်။ အခုတော့ မူလတန်းအတွက် ရေးဆွဲနေတာ ပြီးတော့မယ်” ဟု ၎င်းက ဆိုသည်။

မူလတန်းအတွက် သင်ရိုးညွှန်းတမ်းကို ခေတ်နှင့်အညီ ပြင်ဆင်၊ ဖြည့်စွတ်ပြီး ရေးဆွဲရသည့်အတွက် အချိန်ယူ ရေးဆွဲရသည်ဟု သူက ဆိုသည်။

၎င်းပြင် အလယ်တန်းတွင် မွန်စာနှင့် မွန်သမိုင်းကို မွန်ဘာသာဖြင့် သင်ကြားနိုင်ရေးအတွက် ပညာရှင်များ ဖိတ်ခေါ်ဆွေးနွေးပြီး ရေးဆွဲလျက်ရှိကြောင်းလည်း နိုင်ရော့ကကောင်းက ပြောသည်။

အလယ်တန်းအဆင့်ကိုတော့ ကျနော်တို့ အစိုးရသင်ရိုးညွှန်းအတိုင်းပဲယူတယ်။ ဒါပေမယ့် မွန်ဖတ်စာနဲ့ သမိုင်းဘာသာကိုတော့ ကျနော်တို့ဘာသာ ကျနော်တို့ရေးဆွဲတယ်။ ၆ တန်း၊ ၇ တန်း၊ ၈ တန်း၊ ၉ တန်းအတွက် သင်ရိုးညွှန်းတမ်း ရေးဆွဲဖို့အတွက် မူဘောင်တစ်ခုလုပ်ရတယ်။ အဲဒီမူဘောင်ကိုအခြေခံပြီးတော့ ဖတ်စာ ၂ ဘာသာကို ကျနော်တို့ရေးဆွဲသွားမယ်ပေါ့” ဟု ပြောသည်။

မွန်အမျိုးသားပညာရေးဌာနတွင် မွန်အမျိုးသားသင်ရိုးညွှန်းတမ်း စံနှုန်းများအညွှန်းဘောင် Curriculum Standards Framework ပြုစုရေးဆွဲခြင်းနှင့်အတူ သူငယ်တန်းမှ ပဥ္စမတန်းအထိ မူလတန်းအဆင့် ကျောင်းသင်ဘာသာရပ်များကို မွန်မိခင်ဘာသာစကားနှင့် သင်ကြားနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း သင်ရိုးမာတိကာများနှင့် ဖတ်စာအုပ်များ ဆရာလမ်းညွှန်များကို ဆန်းသစ်ရေးဆွဲသင်ကြားလျက်ရှိသည်။

မွန်ပြည်သစ်ပါတီကနေ ၁၉၇၂ ခုနှစ်က စတင်ခဲ့ပြီး မိခင်ဘာသာစကားအခြေပြု သင်ကြားနေသည့် မွန်အမျိုးသားပညာရေးဌာနအောက်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအပြင် ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် ၁၀ တန်းလွန် Post Ten အတန်းအထိ ဖွင့်လှစ်ခဲ့သည်။

၂၀၂၃ ခုနှစ်မှာတော့ မွန်အမျိုးသားကောလိပ်ကိုပါ အဆင့်မြှင့် ဖွင့်လှစ်နိုင်ခဲ့ပြီး မွန်အမျိုးသားတက္ကသိုလ် Mon National University အထိ ဖွင့်လှစ်နိုင်ရန် မွန်အမျိုးသားပညာရေးဌာနက ကြိုးပမ်းလျက်ရှိသည်။

မွန်အမျိုးသားကျောင်းများသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ကျောင်းပေါင်း ၁၄၀ ကျော်ရှိပြီး ကျောင်းဆရာ/ဆရာမ ၇၀၀ ကျော်ြဖင့် ကျောင်းသူ/ကျောင်းသားပေါင်း ၁၅၀၀၀ ကျော်တို့က တက်ရောက်သင်ကြားနေသည်ဟု မွန်အမျိုးသားပညာရေးကော်မတီမှ စာရင်းများအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts