Homeသတင်းမိုင်းခွဲခံရသည့်တံတား ပြင်နေသည့်အဖွဲ့ ထပ်မံတိုက်ခိုက်ခံရပြီး အရပ်သား ၂ ဦး ဒဏ်ရာရ

မိုင်းခွဲခံရသည့်တံတား ပြင်နေသည့်အဖွဲ့ ထပ်မံတိုက်ခိုက်ခံရပြီး အရပ်သား ၂ ဦး ဒဏ်ရာရ

-

မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က မိုင်းဖောက်ခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတား ပြုပြင်နေသည့်အဖွဲ့ ထပ်မံတိုက်ခိုက်ခံရပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

တံတားပြုပြင်နေသည့်အဖွဲ့ကို ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့က Drone ဖြင့် Drop Bomb ၄ လုံး ပစ်ချတိုက်ခိုက်ခဲ့သည်။

Drop Bomb များသည် တံတားအရှေ့ဘက်လမ်းပေါ်တွင် ၃ လုံး၊ တံတားဘေး တောင်ဘက် ၁၅ ပေခန့်အကွာတွင် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး သထုံဘက်မှ ဘီးလင်းဘက်သို့ ဘေးတွဲဆိုင်ကယ်ဖြင့်မောင်းနှင်စီးနင်းလာသည့် အသက် ၂၃ နှစ်အရွယ် နေထွန်းအောင်နှင့် မိခင်ဖြစ်သူ အသက် ၅၃ နှစ်အရွယ် ဒေါ်ပန်းဝါတို့ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်။

“တံတားအထူးအဖွဲ့တော့ ထိခိုက်တာမရှိဘူး။ ဖြတ်သွားဖြတ်လာ ဘေးတွဲမှာတော့ နှစ်ယောက်ထိတယ်။ သေဆုံးတာတော့မရှိဘူး” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူများကို ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ပြင်ပလူနာဌာနတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

ဇူလိုင်လ ၇ ရက်နေ့ကလည်း တံတားပြုပြင်နေသည့်အဖွဲ့ကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ကျုံအိတ်တံတားကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တို့က ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က မိုင်းဖောက်ခွဲခဲ့ပြီး တံတားတစ်ခြမ်း ပြိုကျပျက်စီးသွားခဲ့သည်။

တံတားမိုင်းဖောက်ခွဲခံရသည့်ဖြစ်စဥ်အတွင်း အိမ်စီးကား နှစ်စီး ပြိုကျသွားသည့်တံတားနှင့်အတူ ပါသွားပြီး ကားပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးကာ၊ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုဖောက်ခွဲခံထားရသည့်တံတားကို လာရောက်ကြည့်ရှု့သည့် ဌာနဆိုင်ရာတပ်ဖွဲ့များလည်း ဇွန်လ ၂၉ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ခန့်က တိုက်ခိုက်ခံရပြီး သထုံခရိုင်လမ်းဦးစီးမှူးသေဆုံးကာ ၂၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts